ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, September 17, 2011

လရေးနှစ်ချောင်းငင် လူ




တကယ်တမ်းကျ မျက်ကန်းတွေလည်း
တစ္ဆေကိုကြောက်တတ်ကြတယ်
မှောက်မှားမိတဲ့အာရုံတွေကို ကြောက်အားပိုပေမယ့်
နောက်နားက လိုနေတဲ့ ကွက်လပ်တွေအတွက်
သူတို့ရဲ့မနက်ဖြန်တွေမှာ ရွေးချယ်ခွင့်ဆိုတာ
လစ်လပ်နေဆဲ။။


ဒီလိုနဲ့ပေါ့
အရည်မရ၊အဖတ်မရ နေ့ရက်တွေထဲ
တစ်ထွာတည်းသောဝမ်းတွေအတွက် ရက်စွဲတော်တော်များများမှာ
အတ္တအမှောင်တွေဖုံး နှောင်ထုံးတွေတင်းလာသမျှ
ဝါကျတွေဖွဲ့လိုက်တိုင်း ဘာကိုပဲ ဖွဲ့ဖွဲ့
ငါပြီးငါ့အတွက်တဲ့။။

ဟိုးမမှီမကမ်းက တစ်စုံတရာကိုယူဖို့
ကိုယ်ကျင့်တရားဆိုတဲ့ တံချူကိုသုံးရမယ်ဆိုရင်
သေချာတယ်
သူတို့လည်းမုန်းမိမှာပါပဲ
ဒါပေမယ့်လည်းလေ။။

တကယ်တမ်းကျ ပူတာကိုသိပါရဲ့
လွှတ်ချဖို့ကျ ခက်နေတတ်တယ်
မာကျောခက်ထန်ခြင်း သဘာဝတွေနဲ့
ဘဝဆိုတာက လက်တွေ့ကိုပဲ လက်ခံတတ်တော့
စိတ်ကူးထဲက စံညွှန်းတွေလည်း
ဟိုးအဝေးဆီ လေတံခွန်လို
ဝဲဝဲသွားလိုက်တာများ။။

ကိုယ်ချင်းစာတဲ့ တရားတွေ
သူ့နှလုံးသားမှာလည်း တဖွဲဖွဲနဲ့ပါ
ဒါပေမယ့်လည်းလေ
နောက်နားမှာခွေနေတဲ့ သံယောဇဉ်တွေက
တစ်ထုံးတည်းမှ မကတာ
နောက်ဆုံးတော့လည်း
ရင်ထဲမှာတဆတ်ဆတ်နာရင်း
မလုပ်ချင်တာတစ်ခုကို မျက်လုံးမှိတ်ရင်းလုပ်လိုက်မိပြန်တယ်
ဘုရားမကြိုက်ဘူးဆိုတာတော့ သိတာပေါ့။။

ခဏခဏမှိတ်မိနေတဲ့ မျက်လုံးတွေက
ပြန်ဖွင့်ဖို့တောင် အခွင့်မရခဲ့
ခပ်တင်းတင်း ဖိနှိပ်လာတဲ့ သံယောဇဉ်ကြိုးတွေက
သူ့အတ္တကို မီးထပ်ထပ်ပြီးထိုးနေတာလေ
ဒီလိုပါပဲ ကြာလာတော့လဲ
သူလည်းအကန်းလိုဖြစ်လာ
တစ္ဆေဆိုတာကိုတော့ ကြောက်တတ်တာပေါ့
တကယ်တမ်းကျ သူလျောက်တဲ့လမ်းကိုလည်း
အဖြူစင်ဆုံး ဖြောင့်တန်းစေချင်ခဲ့တာပါပဲလေ။။

ခက်ခဲတာသိပေမယ့် မပြတ်ဆဲနိုင်သေးတော့လည်း
ဒီဝဲဂယက်ထဲမှာ တလည်လည်လှည့်
သူ့ရဲ့ရေတွက်လို့ရတဲ့ သံယောဇဉ်အထုံးတွေအတွက်
မနက်ဖြန်တိုင်းမှာ မျက်လုံးတွေကန်းရင်း
တစ္ဆေကြောက်ကြောက်နဲ့ပဲ လျောက်ခဲ့တယ်
အိုကွယ်
ကမ္ဘာကြီးကို ထမ်းထားရတာထက်ကို
သူ့နေ့ရက်တွေ ပင်ပန်းခဲ့တာပေါ့။။


သံယောဇဉ် အပိုအထုံးတွေအတွက်မို့
မမြင်ရက်လို့ မှိတ်ထားရတဲ့ မျက်လုံးတွေနဲ့
ပြင်မရတဲ့ ဆုံးဖြတ်ချက်တွေက
တစ်ထွာတည်းသော တချို့ဝမ်းတွေကိုတော့
ဖြည့်ပေးနိုင်ခဲ့တယ်
အိုကွယ်..အူမမှမတောင့်တော့လဲ
စိတ်ကူးထဲက သီလစံနှုန်းတွေ
အိပ်မက်ထဲမှာတင် တဘုန်းဘုန်းလဲနေလိုက်တာများ။။

တကယ်တမ်းကျ မျက်ကန်းတွေလည်း
တစ္ဆေကိုကြောက်တတ်ကြတယ်
မှောက်မှားမိတဲ့အာရုံတွေကို ကြောက်အားပိုပေမယ့်
နောက်နားက လိုနေတဲ့ ကွက်လပ်တွေအတွက်
သူတို့ရဲ့မနက်ဖြန်တွေမှာ ရွေးချယ်ခွင့်ဆိုတာ
လစ်လပ်နေဆဲ။။


လေးစားလျက်
အလင်းသစ်

12 comments:

  1. တစ်ထွာတည်းသောဝမ်းတွေအတွက် ရက်စွဲတော်တော်များများမှာ
    အတ္တအမှောင်တွေဖုံး နှောင်ထုံးတွေတင်းလာသမျှ
    ဝါကျတွေဖွဲ့လိုက်တိုင်း ဘာကိုပဲ ဖွဲ့ဖွဲ့
    ငါပြီးငါ့အတွက်တဲ့။။
    ...အတ္တတွေနဲ့ လူတွေဆိုတော့လည်း အဲလိုပါပဲ..:(

    ReplyDelete
  2. အင်း ဖြစ်တတ်ပါတယ် ငါ့မောင်ရယ်။ အသိတရားဝင်လာတဲ့နေ့ အတ္တလျော့နည်းလာတဲ့ နေ့ဖြစ်သွားမှာပေါ့ကွယ်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  3. မင်္ဂလာပါ အလင်းသစ် လွမ်းပိုင်ရှင်ပါ အကိုရဲ့ဘလော့တော်တော် များများကို နေရာတိုင်းတွေ့နေရပါတယ် လေးစားပါတယ် ကို
    ကျွန်တော် ဆိုက်လေးပါ http://lwanpaishin.blogspot.com/

    ReplyDelete
  4. ကျေးဇူးပါဗျာ အသစ်ဆိုတော့မပြည့်သေးတာခွင့်လွှတ်ပါ

    ReplyDelete
  5. ကိုယ်ကျင့်တရားဆိုတဲ့ တံချူကို သုံးရင်း ကိုယ်ကျင့်တရာတွေလဲ ပွန်းပဲ့ရတဲ့ အဖြစ်တွေက စိတ်ပျက်စရာကောင်းလောက်အောင် တွေ့ နေရတယ်ဗျာ...

    ReplyDelete
  6. ငါကတော့တ၀န်းပူရေးနှစ်ချောင်းခင် တယ်ရီယာ
    အဲလေ တီကောင်း)

    ReplyDelete
  7. “ ဒီလိုနဲ့ပေါ့
    အရည်မရ၊အဖတ်မရ နေ့ရက်တွေထဲ
    တစ်ထွာတည်းသောဝမ်းတွေအတွက် ရက်စွဲတော်တော်များများမှာ
    အတ္တအမှောင်တွေဖုံး နှောင်ထုံးတွေတင်းလာသမျှ
    ဝါကျတွေဖွဲ့လိုက်တိုင်း ဘာကိုပဲ ဖွဲ့ဖွဲ့
    ငါပြီးငါ့အတွက်တဲ့.. ”

    လရေးနှစ်ချောင်းငင်လူ..ဆိုတော့.. ။ ။

    ReplyDelete
  8. 'လူ' တို့အတွက် ချောက်ကမ်းပါးဖြစ်စေ သမုဒ္ဒရာကြီးဖြစ်စေ မနက်ဖြန်တွေရှိနေသေးသရွေ့
    မရပ်မနား ဆက်လျှောက်နေကြရအုံးမှာပဲ အလင်းသစ်ရေ။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. လူတိုင်းလိုလိုပါပဲ

    တကယ်တမ်းကျ ပူတာကိုသိပါရဲ့
    လွှတ်ချဖို့ကျ ခက်နေတတ်တယ်
    မာကျောခက်ထန်ခြင်း သဘာဝတွေနဲ့
    ဘဝဆိုတာက လက်တွေ့ကိုပဲ လက်ခံတတ်တော့
    စိတ်ကူးထဲက စံညွှန်းတွေလည်း
    ဟိုးအဝေးဆီ လေတံခွန်လို.......

    အပူဆိုတာသိတယ်.....သိသိနဲ့...
    ခင်မင်တဲ့ jasmine

    ReplyDelete
  10. စာလာဖတ်ပါတယ်ဗျာ လင့်ချိတ်ပေးဖို့တောင်းဆိုပါတယ်ဗျာ

    ReplyDelete
  11. ရင်ဘက်ကြီးတစ်ခုလုံးနဲ့
    မဆံမပြဲ ခံစားသွားပါ၏ ;p;p;p

    ခင်မင်လေးစားလျှက်
    (ဒုတိယ)

    ReplyDelete
  12.ွှုငါဒီပိုစ့်ကိုမန့်ပြီသားထင်တယ်း(
    ဆိုးလိုက်တာ
    လရေးနှစ်ချောင်းခင်လူဖြစ်လို့ရတယ်
    လရေးနှစ်ချောင်းခင် ၀စ်စနှစ်လုံးပေါက်လူးတော့ဖြစ်လို့မရဘူး ငါ့မောင်ရေး(

    အမ
    မဒိုးကန်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။