ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, September 10, 2011

ဘလော့ဂါဆိုတာ ဘာလဲ (TAG ပို့စ်)


တဂ်ပို့စ်တွေ တစ်ခေတ်ထ နေတယ်လို့ ဆိုရလေမလား။။ အခုထပ်လာ ပြန်ပါပြီ။။ ဘာတဲ့ "ဘလော့ဂါဆိုတာ ဘာလဲ" ဆိုပဲ။။ တကယ်ကျ ဘယ်လို သိမလဲဗျာ။။ ကျွန်တော်က အစ်မတော် နှင်းနဲ့မာယာ ရေးတဲ့ပို့စ်လို "ကျွန်တော် ဘလော့ဂါ မဟုတ်ပါ" ဆိုတဲ့ကောင်လေ။။ ကျောင်းတစ်ဖက်နဲ့မို့ စက်တင်ဘာလရဲ့ မနက်ခင်းတိုင်းကို ဝရုန်းသုန်းကား အသည်းအသန် နိုးထရင်း (တစ်နွေလုံး လည်လိုက်ပတ်လိုက် နေလာသမျှ Formal ဆန်တဲ့ နေ့ရက်တွေနဲ့ အသားမကျနိုင် ဖြစ်နေတာလေ..:P:P) ဘလော့တွေ ထဲလည်း လည်ဖို့ပတ်ဖို့ အချိန်မရနိုင် ဖြစ်နေတာပါ။။ ဒါပေမယ့် ဘလော့ဂါ လောကနဲ့တော့ အဆက်အသွယ် မပြတ်ခဲ့ပါဘူးလေ။။ သိတယ်မလား..လူတိုင်းမှာ ဝှက်ဖဲတစ်ချပ်စီ ရှိနေတတ်တယ်ဆိုတာ။။ ကျွန်တော့် ဝှက်ဖဲကလည်း ဘလော့လောကထဲမှာ အနည်းငယ် ထင်ရှားတဲ့ ဘလော့သရဲမို့ ဘယ်သူ့ဆီမှာတော့ ဘာလေးတင်ပြီဆိုတာ၊ ဘယ်သူ့စာလေးက ဘယ်လိုကောင်းတယ် ဆိုတာတွေ ကိုယ်တိုင်သွား မဖတ်ရသေးပေမယ့် မြည်းစမ်းပြီး ဖြစ်နေတာပေါ့။။( ကိုယ့်ဘာသာ သွားရင် သူ့လောက် စုံမှာမဟုတ်ဘူး ဆိုတာကိုတော့ ဝန်ခံရမှာပါပဲ..:D:D:D)။။။




ဆိုခဲ့ပြီးသလို "ဘလော့ဂါဆိုတာ ဘာလဲ" ဆိုတဲ့ တဂ်ပို့စ် ပေါ်လာတယ်လို့ ကြားလိုက်ရပြီး သိပ်မကြာလှတဲ့ တစ်ရက်မှာ ကျွန်တော့်ရဲ့ အစ်မအရင်းနှင့်မခြား ချစ်ခင်၊လေးစားရတဲ့ အစ်မတော် မဒိုးကန်က လင့်စ်လေးတစ်ခု ပစ်ပေးပြီး သွားဖတ်လို့ မှာကြားပါတယ်။။ ဖတ်နေရင်းမှာ သဘောမပေါက်ပေမယ့် နောက်ဆုံးနား ရောက်ခါနီးမှာတော့ သဘောပေါက်လိုက်ပါတယ်။။ အဲဒါကြောင့် အတိတ်လေးမေ့ သယောင်ယောင်၊ ရွှေလေးပျောက် သယောင်ယောင်နဲ့ လိုင်းမကောင်းလို့ နောက်မှ ဖတ်မယ်နော်လို့ ပြောလိုက်ပါတယ်။။ သို့ပေမယ့် သူပေးတဲ့ လင့်စ်ကို ကလစ်နှိပ်လိုက်တာနဲ့ တဂ်ခံလိုက်ရတဲ့ သူတွေထဲ အကျုံးဝင်ပြီမို့ နောက်(၃)ရက်အတွင်း မရေးရင် ကျွန်တော့် စီဘုံး(C_box) ပြည့်စေရမယ်လို့ ခန့်ခန့်ကြီး ကြုံးဝါးသွား ခဲ့ပါတယ်။။ အဲဒီရဲ့ နောက်မနက်မှာတော့ အိန်ဂျယ်လှိုင်နဲ့ ညီလေးမောင်(စွယ်စုံကျမ်း)ရဲ့ တဂ်ခြင်းကိုပါ ထပ်ပြီး ခံရပါတယ်။။ ဒါကြောင့် မဖြစ်တော့ဘူးလေ ဆိုပြီး မသိတဲ့ အဓိပ္ပါယ်တစ်ခုကို သိလာနိုးနိုး စဉ်းစားရင်း ဖျားချင်ချင် ဖြစ်သွားရပါ၏။။ ဖျားချင်ချင် ဖြစ်နေတဲ့ ကျွန်တော် တကယ်ကြီး ဖျားခဲ့ရတာကတော့ ကျွန်တော့်အစ်မ မဒိုးကန်ရဲ့ အဖိုးတန် စကားတစ်ခွန်းကို ကြားလိုက်ရလို့ ပါပဲဗျာ။။ အားလုံးလည်း စဉ်းစားကြည့် ကြပါဦး။။ "ကိုရင်ကိုင်ရင် နတ်ကိုင်တာထက် ဆိုးတယ်" ဆိုတဲ့ ကျွန်တော့် ရွှေယောက်ဖ ကိုရင်သာပျော့ကတောင် သူ့ကိုကြောက်ပါတယ်တဲ့ဗျ။။ ဒါကြောင့် မှတ်ထားဟဲ့ "မဒိုးကန်ကိုင်ရင် ကိုရင်တောင် မှိုင်သွားရမယ်" ဆိုတော့ နတ်ကိုင်မှာကိုတောင် ကြောက်ရတဲ့ ကျွန်တော့်မှာ နတ်ထက် (၂)ဝါတောင် ကြီးတဲ့ အစ်မတော် မဒိုးကန်ရဲ့ စကားမှာ တကယ်ကြီး ဖျားသွားရပါ၏။။ (နတ်ထက် ကိုရင်က တစ်ဝါကြီး၊ ကိုရင့်ထက် မဒိုးကန်က တစ်ဝါကြီးသမို့ အစ်မတော်သည် နတ်ထက် (၂)ဝါကြီးသွားလေသည်။။ :P:P:P)


တကယ်ကြီး ရေးဖို့ပြင်တဲ့ အချိန်မှာ နည်းနည်းတော့ ခက်ပါတယ်ဗျ။။ ကျွန်တော်က စာရေးခြင်းကို မွေ့လျော်လို့သာ စာရေးနေမိတာ။။ ကိုယ့်ကိုကိုယ် ဘလော့ဂါလို့ မခံယူခဲ့ဖူးပါဘူး။။ ဒါကြောင့် ဘလော့ဂါဆိုတဲ့ အကြောင်းအရာကိုလည်း မလေ့လာခဲ့ပါဘူး။။ အဲဒါကြောင့် သိလည်းမသိခဲ့ ပါဘူး။။ (စာမကြည့်တဲ့ ကျောင်းသား၊ စာမသိခြင်းမှာ စာမှာလည်း အပြစ် မရှိ၊ ကျောင်းသားမှာလည်း အပြစ်မရှိ။။ အာပတ်လွတ်ပါ၏။။ :P:P:P) ဒီလို ဒီအကြောင်းတွေကြောင့် သူများရေးသမျှ တဂ်ပို့စ်တွေကို လိုက်ဖတ်ပြီး ဦးနှောက်ဖောက်စားလိုက်ပါတယ်။။ ကွန်မန့်မကျန်ခဲ့ပေမယ့် တဂ်ပို့စ်မှန်ရင် ကျွန်တော် ဖတ်ပြီး မှတ်ပြီး ဖြစ်ပါကြောင်း။။ သူများဦးနှောက်ကို ဖောက်စားပြီးချိန်မှာ ကျွန်တော့်ဦးနှောက်ဆီ အသိတစ်ချို့၊ အတွေးတစ်ချို့၊ သင်ခန်းစာတစ်ချို့ အဖတ်တင် ကျန်ခဲ့ရပါတယ်။။ ဒါကြောင့်လည်း တဂ်ပို့စ်ကို အရင်ရေးနှင့်ထားတဲ့ နောင်တော် ၊ ရောင်းရင်း၊ ညီအကို၊ မောင်နှမများ အားလုံးကို ကျေးဇူးတင်ရပါတယ်။။


ဘလော့ဂါဆိုတာ ဘာလဲတဲ့။။ ဟုတ်ကဲ့ ရှေ့က ရေးပြီးခဲ့သူများ ပြောသလိုဆိုရင်တော့ ပုခုံးနှစ်ဖက်ကြားက ခေါင်းထွက်လာသူ ၊ခြေနှစ်ချောင်းနဲ့ နားရွက်တိုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။။ ဆိုတော့ကာ ဘလော့ဂါဆိုတာ "လူ"ပါပဲ။။ ခံစားတတ်တယ်၊ အဲဒီခံစားမှုကို သိတတ်တဲ့ အသိဥာဏ်ရှိတယ်။။ အဲ..ဘလော့ဂါဆိုတာကတော့ နည်းနည်းလေး ပိုထူးတဲ့သူပေါ့။။ အဲဒီသူခံစားရတဲ့ အသိတွေကို သူများကိုပါ မျှဝေပေးဖို့ ချရေးနိုင်တဲ့ သူတစ်ယောက်။။ ကျွန်တော် သိတာလည်း ဒီလောက်ပါပဲ။။

တစ်ချို့က သတင်းတွေ ရေးကြတယ်၊ တစ်ချို့က ရသတွေ ရေးကြတယ်၊ တစ်ချို့က ဟာသတွေ ရေးကြတယ်၊ တစ်ချို့က ထူးဆန်းထွေလာတွေ ရေးကြတယ်၊ တစ်ချို့က ဘာသာပြန်တွေ ရေးကြတယ်၊ တစ်ချို့က ကဗျာတွေ ရေးကြတယ်၊ တစ်ချို့က ချက်နည်း၊ပြုတ်နည်း အိမ်တွင်းမှုအကြောင်းတွေ ရေးကြတယ်၊ တစ်ချို့က........။။ အများကြီး အများကြီးပါပဲ။။ ကိုယ့်ရင်ဘတ်ကို ကိုယ်အသုံးချရင်း ကိုယ်ခံစားရသမျှကို အနုပညာ တစ်ခုအဖြစ် ထုဆစ်နေကြတာလေ။။ ဘယ်သူ့ဆီကို ဝင်သွားလို့ပဲ ဖြစ်ဖြစ် တစ်စုံတစ်ခုဆိုတာတော့ ကိုယ့်အတွက် ကျန်ခဲ့ရတာပါပဲ။။ အားလုံးရဲ့ ဘလော့လေးတွေမှာ ကိုယ်စီအလှလေးတွေ ရှိနေကြတာလေ။။( ကျွန်တော် ရောက်ခဲ့ဖူးသမျှ ဘလော့တွေကတော့ အကုန် အဲလိုတွေပါပဲ။။ ) ဆိုတော့ကာ ဘလော့လောကလေးက နှစ်လိုဖွယ်ကောင်းတဲ့ မိသားစု ကမ္ဘာလေးတစ်ခုပါ။။ ဒီမိသားစုလေးထဲမှာ ဘလော့ဂါ ဆိုတာတွေကတော့ မိသားစုဝင်များပေါ့။။ အချင်းချင်း ချစ်ခင်ကြတယ်၊ စည်းလုံးကြတယ်၊ နားလည်ကြတယ်၊ ဖေးမကူညီ တတ်ကြတယ်။။ သူတို့ဆီမှာ ဘယ်သူက ဘာကွ၊ ဘယ်သူကတော့ ဘာကြီးဆိုတဲ့ အရေခွံတွေ မရှိဘူး။။ အားလုံးဟာ ကိုယ်ခြုံထားတဲ့ အရေခွံတွေကို ခွာချပြီးမှ ဘလော့ဂါဆိုတဲ့ နာမည်တစ်ခု အောက်မှာ နစ်ဝင်ပျော်ရွှင်နေကြတာပါ။။ ဒါကြောင့် ဘလော့ဂါဆိုတဲ့ သူတွေဟာ ဖြူစင်ကြပါတယ်။။ သို့အတွက် ကျွန်တော်က ချစ်ခင်ရပါတယ်၊ လေးစားရပါတယ်။။( ကြုံတုန်း ကိုယ်ပြောချင်တာလေး ကြေညာရသေးတယ်..ဟဲ။။။)


ကျွန်တော်က ဘလော့ဂါ မိသားစုထဲကို နိုင်းဆိုဒ်တွေက တဆင့် ကူးဝင်လာခဲ့သူပါ။။ ဝင်လာစဉ်က ရည်ရွယ်ချက်က အကြောင်း တစ်ခုခုကြောင့် နိုင်းဆိုဒ်က စာမျက်နှာ ပျက်သွားခဲ့သည် ရှိသော် ကိုယ်ပိုင်ဘလော့လေး ကနေ ကိုယ့်ရေးသားသမျှကို ထိန်းသိမ်းထားချင်တာပါ။။ ဝင်လာပြီး နောက်မှာမှ ဘလော့လောကထဲက အကို၊အမ၊ ညီ၊ ညီမများနဲ့ ရောင်းရင်းများရဲ့ မိသားစု ဆန်တဲ့ ပုံစံလေးတစ်ခုကို တွေ့မြင်ခွင့်ရခဲ့ပါတယ်။။ ဒါကြောင့် သဘောလည်းကျမိပါတယ်။။ ကျွန်တော် ဘလော့ဂါအစစ် မဟုတ်လို့ ဘလော့ဂါဆိုတဲ့ အဓိပ္ပါယ်ကို မဖွင့်ဆိုတတ်ပါဘူး။။ ဒါပေမယ့် ဘလော့ဂါဆိုတဲ့ သူတွေကို ချစ်ခင်၊လေးစားပါတယ်။။


ဘလော့လောကထဲမှာ ပြိုင်ဆိုင်မှုဆိုတာ မရှိပါဘူး။။ သူကလည်း သူ့ရင်ဘတ်နဲ့ ထုဆစ်သလို၊ ကိုယ်ကလည်း ကိုယ့်ရင်ဘတ်နဲ့ ကိုယ့်ဘာသာပဲ ထုဆစ်နေကြတာပါ။။ ရင်ဘတ်ချင်း တိုက်ဆိုင်သူများက အားပေးကြပါတယ်။။ ရင်ဘတ်ချင်း မတိုက်ဆိုင်ရင် လှည့်ပြန်ပါတယ်။။ မှားနေရင် ထောက်ပြ သွန်သင်ပါတယ်။။ နောက်တစ်ခါရေးရင် ဆင်ခြင်နိုင်ဖို့ လိုနေတာကို ညွှန်ပြပေးကြ ပါတယ်။။ ကိုယ့်ထက်သာသွားမှာ ကိုယ့်ဘလော့ထက် လူဝင်များလာမှာ မနာလိုတဲ့ စိတ်တွေ မရှိကြပါဘူး။။ သဘာရှိတဲ့ ဝါရင့်ဘလော့ဂါ တစ်ယောက်ရဲ့ သွန်သင်မှုကို တက်လာစ ဘလော့ဂါလေးများက လေးနက်စွာ နာယူကြပါတယ်။။ ဝါရင့်တဲ့ ဘလော့ဂါများကလည်း တက်လာစ ဘလော့ဂါ အသစ်လေးတွေကို တွဲခေါ်ပါတယ်။။ ဒါကြောင့် ဘလော့ဂါဆိုတာ အမေတစ်ယောက်တည်းက မမွေးပေမယ့် Blogger.com ကနေ မွေးထုတ်ပေးလိုက်တဲ့ ညီအကို၊မောင်နှမတွေ ဖြစ်ပါတယ်။။


ကျွန်တော် နိုင်းဆိုဒ်တွေမှာလည်း ယခုချိန်ထိ ကျင်လည်နေဆဲပါ။။ ကိုယ်ရေးသမျှ စာတွေကို တင်ပေးသလို၊ ကိုယ်တတ်နိုင်တာကို ကူညီပေးနေဆဲပါ။။ ဒါပေမယ့် လူစုံသလို၊ စရိုက်စုံတဲ့ နေရာမို့ ကျွန်တော် ဘယ်သူပါဆိုတာကို ကျွန်တော် ဖော်ပြကြေညာလေ့ မရှိခဲ့ပါဘူး။။ ကျွန်တော့် အကောင့်ကို သိလို့ အပ်လာရင် လက်ခံပေးပေမယ့်၊ ကျွန်တော်ကနေ စပြီးတော့ အပ်ခဲပါတယ်။။ ဒီလောက် ကျွန်တော့်ဘက်က ထိန်းပြီးနေတာကိုတောင် တမင်သက်သက် ကျွန်တော့်ကိုမှ အပ်ပြီး ရန်စကား ပြောတာတွေ ကြုံခဲ့ဖူးပါတယ်။။ လူတိုင်းဟာ ကိုယ်ယုံကြည်ရာကို ရွက်လွှင့်ခွင့် ရှိကြတာမို့ ဘယ်သူက ဘာကိုယုံကြည်တယ်ဆိုတာ ကျွန်တော် စိတ်မဝင်စားပါဘူး။။ ဒီလိုပဲ ကိုယ့်ယုံကြည်ချက်ကို ထိခိုက်လာရင်လည်း ကျွန်တော် သည်းခံနိုင်မှု အားနည်းပါတယ်။။ ဒါကြောင့် အလင်းသစ်ဆိုတာ တစ်ခါတလေကျတော့လည်း အရမ်းကို ယဉ်ကျေးတဲ့ကောင်၊ တစ်ခါတလေကျတော့လည်း အရမ်းကို ဘုကလန့် ဆန်တဲ့ကောင်၊ တစ်ခါတလေကျတော့လည်း အရမ်းကို ယဉ်ကျေးမှုမရှိတဲ့ကောင် ဖြစ်နေတတ်ပါတယ်။။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဘလော့ဂါမိတ်ဆွေ အတော်များများကတော့ ခုချိန်ထိ ကျွန်တော့်ကို စိတ်မပျက်စေခဲ့ပါဘူး။။ အထူးအားဖြင့် ကျွန်တော့်အစ်မတော် မဒိုးကန်ပါပဲ။။ နေမကောင်း ဖြစ်နေတဲ့ ကျွန်တော့်ကို ဟာသတွေနဲ့ ပျော်ရွှင်အောင် စတတ်ပါတယ်။။ ကျွန်တော့် ဂျီတော့ခ် အကောင့်မှာ ဘာစာတင်တင် ဆန့်ကျင်ဘက်ဖြစ်အောင် သူကဖျက်တတ်ပါတယ်။။ ပျော်ပျော်နေတတ်တဲ့ အစ်မတော်ရဲ့ စိတ်နေစိတ်ထားကို ကျွန်တော် အရမ်းသဘောကျပါတယ်။။ စံနမူနာထားပြီး အတုလည်း ယူပါတယ်။။ နောက်ထပ် ခင်မင် ရတဲ့သူတွေလည်း ထိုနည်းအတူပါပဲ။။ ဒါကတော့ ဘလော့ဂါဆိုတာ ဘာလဲဆိုတဲ့ ခေါင်းစဉ်အောက်က ဘလော့ဂါမိသားစု ထဲကို တိုးဝင်စ ဝါသနာရှင် တစ်ယောက် အကြောင်းလို့ ဆိုရမလား။။ ကျွန်တော်လည်း ကိုယ်ခံစားရရင် ခံစားရသလို ရေးနေတဲ့ စာရေးသူ တစ်ယောက်အဖြစ် ပါဝင်နေတာမို့ အကျုံးဝင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။။


ကျွန်တော်က စာရေးရတာ သဘောကျလို့ စာရေးနေတဲ့ သူတစ်ယောက်မို့ ဘလော့ဂါဆိုတဲ့ အနက်ဖွင့်ဆိုချက်ကို သေချာ ထင်သာမြင်သာအောင် ရေးပြနိုင်မယ် မထင်ပါဘူး။။ ဒီလိုပဲ ကိုယ့်ကို တခုတ်တရ တဂ်ထားတဲ့ သူတွေကို ကျွန်တော့်ကြောင့် စိတ်မပျက်စေချင်ပါဘူး။။ ဒါကြောင့် ဒီတဂ်ပို့စ်လေးကို ကျွန်တော် ရေးလိုက်ပါတယ်။။ ဖတ်ပြီးလို့ သဘောမကျတာ ရှိခဲ့ရင်၊ ကျွန်တော့်ကို ထောက်ပြ သွန်သင်ပေးပါလို့ ပြောချင်ပါတယ်။။ ကျွန်တော်ကတော့ ကျွန်တော် ရေးတတ်သလို ရေးလိုက်ပါပြီ။။


ဒီပို့စ်ကို ရေးနေတဲ့ အချိန်မှာ ကျွန်တော် ဖျားနေပါတယ်။။ ဒါကြောင့် ကျွန်တော့်စာကို မဖတ်ခင် နှာခေါင်းလေးကို စည်းကာ ထားကြပါခင်ဗျာ။။ ဆားစ်ရောဂါတော့ မဟုတ်ပါ။။ ဒူးနှစ်ချောင်း တုတ်တုတ်ပြီး ကွေးရတဲ့ သူဌေးဖျားလေးပါ။။ ဖျားတာကို သက်သာအောင် ဆေးသောက်ဖို့ မကြိုးစားပဲ နတ်ကြမ်းကို ဓာတ်ကြမ်း တိုက်မကွဆိုပြီး ဆေးခါးတွေကို စပါယ်ရှယ် သောက်လိုက်မိတာ ဓာတ်ကြမ်းကို နတ်ကြမ်းပြန်ကိုင်ပြီး အခုဆို ငုတ်တုတ်ထိုင်ရင်တောင် စောင်ခြုံထားရတဲ့ အထိဖြစ်နေပါပြီ။။ :P:P:P ။။ ကျွန်တော့်လို သူဌေးဖျားလေးကို မွေးထားချင်ရင်တော့ အချိန်မရွေး ဆက်သွယ်ကြပါခင်ဗျာ။။ အင်မတန် ဇိမ်ကျပါတယ်။။ မကြီးမငယ်နဲ့ ချစ်သူကို ချွဲလို့ရပါတယ်။။ ကြီးတဲ့သူ၊ ငယ်တဲ့သူတွေရဲ့ ဂရုတစိုက်နဲ့ ပြုစုပေးမှုကို ခံယူရပါတယ်။။ အခုချိန်မှာ ဘာပဲစားချင် စားချင် အဆင်သင့် ဖြစ်ပါတယ်။။ ဘာပဲသောက်ချင် သောက်ချင် အဆင်သင့်ပါပဲ။။ ကျွန်တော်ကလည်း ဆေးကလွဲရင် အကုန်သောက်နေတာမို့ ခုချိန်ထိတော့ မပျောက်သေးပါဘူး။။ ဒါကြောင့် ကျွန်တော့် ဘလော့လေးထဲကို ဝင်လာရင် ကိုယ့်ကိုကိုယ် သေချာလေး ကာကွယ်ထားကြပါခင်ဗျာ။။

သတိ။ ။ တုတ်ကွေးဖြစ်နေသည်။။ ကူးယူလိုသူများ ဆက်သွယ်ပါရန်။။ ဘလော့ဂါ မဖြစ်တဖြစ်လေးက လေးစားသော အားဖြင့် အလကားဖြန့်ဝေပေးနေပါသည်။။ ထို့ကြောင့် ကျွန်တော့် အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ဘလော့ဂါဆိုတာ ဖျားရင်တောင် အုပ်စုလိုက် ဖျားချင်ကြသူများ ဖြစ်ပါတယ်။။ :P:P:P ။။။




လေးစားလျက်
အလင်းသစ်

17 comments:

  1. (စာမကြည့်တဲ့ ကျောင်းသား၊ စာမသိခြင်းမှာ စာမှာလည်း အပြစ် မရှိ၊ ကျောင်းသားမှာလည်း အပြစ်မရှိ။။ အာပတ်လွတ်ပါ၏။။ :P:P:P)...တော်ချက်..မှတ်ထားမှပဲ :P ။
    ဘလော့ဂါဆိုတာ ဖျားရင်တောင် အုပ်စုလိုက် ဖျားချင်ကြသူများ ဖြစ်ပါတယ်။။ :P:P:P ။။။ ...သူ့အတွေးကလည်း တစ်မျိုး .... ချစ်တော့ချစ်တယ်ကွယ် ..ဒါပေမယ့် မဖျားတော့ မဖျားပရစေနဲ့ နော်....နော်..:)

    ReplyDelete
  2. သူကလည်း အတင်းကို ဖျားနေရင်းနဲ့ ကြောက်ကြောက်နဲ့ ရေးနေရသလိုကြီး . . .မဒိုးကန်ရယ် . . . နှိပ်ပလိုက်စမ်းဘာ . . .( ဘာကိုပဲ နှိပ်နှိပ် )

    ReplyDelete
  3. နေမကောင်းတဲ့ကြားကနေ 'ဘလော့ဂါ' အဓိပ္ပာယ်ဖွင့်ဆိုချက်လေးကို ရေးဖြစ်အောင်ရေးတဲ့ ဘလော့ဂါတစ်ယောက်ရဲ့ စိတ်ရင်းစေတနာကို ပေါ်လွင်စေပါတယ် အလင်းသစ်ရေ။
    အမြန်ဆုံးကျန်းမာပြီး စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဖတ်သွားတယ် ....

    ReplyDelete
  5. တုတ်ကွေး ကွေးနေတဲ့ကြားက ရေးထားတာလေးကို သေချာလေး ဖတ်သွားပါတယ်ဗျာ။ မြန်မြန်နေကောင်းဖို့ လဲ ဆုတောင်းပေးသွားပါတယ်။

    ReplyDelete
  6. ဟေးဟေး နှာခေါင်းစည်း ၊ ခေါင်းမြီးခြုံပြီး လာဖတ်သွားတယ်ခင်ည။း) သောက်ထားတယ်မို့လား (ဆေးဆိုတော့လည်း ဆေးပေါ့...ဟိ)


    ခင်တဲ့
    မေသိမ့်

    ReplyDelete
  7. ကိုကြီးရေ..လာရောက်အားပေးသွားပါတယ်..နည်းလေးတစ်နည်းပေးမယ်နော် ဖျားချင်တာရက်ပြောင်းထားလို့ ရတယ်လေယယမအားရင်မဖျားနဲ့ ...အားရင်လည်းမဖျားနဲ့ ...အလုပ်တွေများလို့  နောက်အားခါမှဖျားတော့မယ် လို့ ကျနော်ဆိုခဏခဏ ပြောင်းတာမဖျား
    တော့ဘူးသိလား..အဖျားကလည်း ဒီကောင်ဘလော့ဂါအားမှမဟုတ်ဘူး ဆိုပြီးမစောင့်တော့ဘူးသိလားး..အဲ့လိုနေ..သွန်ပီး..သင်လိုက်ပါတယ်..အခွန်လီးပီး..ပါးပါး နုတ်နုတ်စင်း ခဲ့ပါတယ်..ဟက်ဟက်..ခင်မင်လေးစားလျှက်..
    ညီလေးအမောင်စွယ်စုံကျမ်း)

    ReplyDelete
  8. အားလုံးဟာ ကိုယ်ခြုံထားတဲ့ အရေခွံတွေကို ခွာချပြီးမှ ဘလော့ဂါဆိုတဲ့ နာမည်တစ်ခု အောက်မှာ နစ်ဝင်ပျော်ရွှင်နေကြတာပါ။။ ဒါကြောင့် ဘလော့ဂါဆိုတဲ့ သူတွေဟာ ဖြူစင်ကြပါတယ်။။ သို့အတွက် ကျွန်တော်က ချစ်ခင်ရပါတယ်၊ လေးစားရပါတယ်။

    ကြိုက်သွားပြီ အလင်းသစ် ရေ
    ကျမ်းမာရေး ဂရုစိုက်အုန်းနော်

    ReplyDelete
  9. အဖျားမြန်မြန်ပျောက်ပါစေ။
    ကျန်းမာပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေ။

    ReplyDelete
  10. ဖျားနေတဲပအချိန်ရေးထာတာပေါ့
    မဖျားရင်ဘယ်လိုနေမယ်မသိ....
    တော်ချက်ကတော့ ....လိုက်မမှီ...
    ခင်မင်တဲ့ jas

    ReplyDelete
  11. အကိုကြီး........
    ဘလောက်ဒ်ဂါ ဖွင့်ဆိုချက်လေးကိုဖတ်သွားပါတယ်
    မြန်မြန်ကျန်းမာပါစေဗျာ။

    ReplyDelete
  12. စာမကြည့်တဲ့ ကျောင်းသား၊ စာမသိခြင်းမှာ စာမှာလည်း အပြစ် မရှိ၊ ကျောင်းသားမှာလည်း အပြစ်မရှိ။။ အာပတ်လွတ်ပါ၏...(ကြိုက်၏းD )
    ဘလော့ဂါဆိုတာ ဖျားရင်တောင် အုပ်စုလိုက် ဖျားချင်ကြသူများ ဖြစ်ပါတယ်။...(တော်တ်ေချစ်...း( )

    ReplyDelete
  13. အင်း..
    သူလည်း ခြေနှစ်ချာင်းနဲ့ နားရွက်တိုကြီးပဲ..:P
    ဆုတောင်းပြည့်တယ်ထင်တယ်..ဒီကပြန်တော့ ကျုပ်ဖျား၏..။

    ReplyDelete
  14. "ဘလော့လောကထဲမှာ ပြိုင်ဆိုင်မှုဆိုတာ မရှိပါဘူး။။ သူကလည်း သူ့ရင်ဘတ်နဲ့ ထုဆစ်သလို၊ ကိုယ်ကလည်း ကိုယ့်ရင်ဘတ်နဲ့ ကိုယ့်ဘာသာပဲ ထုဆစ်နေကြတာပါ။။"
    မှန်လိုက်တာ အစ်ကိုရာ။ ရင်ဘတ်ချင်းတူတော့ ညီအစ်ကိုဖြစ်တာပေါ့ဗျာ။ ကျန်းမာရေးတော့ ဂရုစိုက်ပါ အစ်ကိုအလင်း။ ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  15. ဝါသနာပါရာစာတွေရေးနိုင်ဖို့ ကျန်းမာရေးကို ဂရုစိုက်ပါ။ ဘလော့ဂါဖွင့်ဆိုချက်လေးကိုလည်း ဖတ်သွားခဲ့ပါတယ်။

    ReplyDelete
  16. ဟဲ့ ပလုတ်တုတ် မန့်လိုက်တာဘယ်ပျောက်သွားပါလိမ့်

    တဂ်ပို့စ်လာဖတ်တယ်ဗျို့
    အော်ခဲ့ပြီး)

    မောင်ဘကြိုင်

    ReplyDelete
  17. အလင်းသစ်ရဲ့ နေ့စွဲတွေထဲမှာ ဘလော့ပို့စ်တွေရှိနေသ၍ အလင်းသစ်ဟာ ဘလော့ဂါပေါ့ဗျာ...

    ခင်မင်စွာဖြင့်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။