ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, January 7, 2012

ဆောင်းလေညှင်းရဲ့ သက်ပြင်းရှိုက်သံ



ဆောင်းလေအေးက ဝေ့ခနဲ တိုက်ခတ် လာသည်။။ စစ်ဆွယ်တာ အပေါ်မှ ခြုံလွှမ်းထားသော နီညိုရောင် အညာစောင်ထူကို ခပ်တင်းတင်း ဖြစ်အောင် ပြင်ပြီး ပတ်ခြုံလိုက်ရင်း အေးနိုင်တစ်ယောက် လက်ထဲမှ ဘီလီပတ်ကို ခပ်ပြင်းပြင်း ရှိုက်ဖွာလိုက်၏။။ ဟူးခနဲ မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့များကို လိုက်ကြည့်ရင်း အာရုဏ်တက်စ အလင်းဖျော့ဖျော့နှင့် နှင်းစက်တွေ တဖွဲဖွဲ ကျဆင်းနေသော လယ်ကွင်းပြင်ကြီးကိုပါ ငေးကြည့်နေမိသည်။။ ခဏနေရင် စပါးရိတ်သမများ၊ စပါးနယ်လှေ့ သူများနှင့် ဒီလယ်ကွင်းကြီးက ညံညံစီ လာပေဦးတော့မည်။။ အတွေးစတို့ကို ဖြတ်ရင်း လယ်စောင့်တဲ၏ အလယ်ရှိ မီးဖိုကို မီးမွှေးရင်း ရေနွေးအိုး တစ်အိုးတည်လိုက်သည်။။ ပြီးတော့မှ ညသိပ်ထားသော နွားနှစ်ကောင်ကို ကြိုးဖြုတ်ပြီး တဲအပြင်သို့ အညောင်းအညာပြေသဘော ခဏ လွှတ်ပေးလိုက်၏။။ တဆက်တည်း နွားချေးကျုံး၊ တဲအတွင်း တံမျက်စည်း လှည်းပြီး သန့်ရှင်းရေး လုပ်လိုက်သည်။။ အေးနိုင် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး နာရီကြည့် လိုက်တော့ မနက် ၅ နာရီခွဲလုပြီ။။

"ဟဲ့..နွား.. အော်..ဒီကောင့်နှယ်..ပေကတ်ကတ်နဲ့ ငါကြိမ်နဲ့နှက်လိုက်ရ.."

အသံနှင့်အတူ ကြိမ်တို့သံ၊ ခပ်သုတ်သုတ် မောင်းဝင်လာသော လှည်းသံတို့ကြောင့် အဖေရောက်လာပြီဆိုတာ အေးနိုင် သိလိုက်သည်။။ ထို့ကြောင့် ဆူပွက်နေသော ရေနွေးအိုးထဲ လ္ဘက်ခြောက်ကို ခပ်ထည့်လိုက်ပြီး တဲအပြင်သို့ လှမ်းထွက် လာခဲ့လိုက်၏။။ အဖေ့ကို လှည်းကူဖြုတ်ပေးပြီး လှည်းပေါ်မှ ပစ္စည်းများကို ကူသယ်ကာ တဲအတွင်းဝင်လာခဲ့လိုက်သည်။။

"အဖေ့..သတင်းစာ စက္ကူပါခဲ့ရဲ့လား။။ ကုန်နေပြီအဖေရ။။"

"အဲဒီတောင်းထဲမှာ ပါလာတယ်လေကွာ။။ မင်းလည်း ဆေးလိပ်တွေ အရမ်းလည်း နင်းကန်သောက် မနေနဲ့ဦးဟ။။ ရောဂါတွေ ဘာတွေဖြစ်နေဦးမယ်။။"

ဟုတ်ကဲ့ပါ အဖေရဟု ပြန်ပြောရင်း သတင်းစာစက္ကူတစ်ရွက်ကို ခပ်သေးသေးပိုင်းပြီး ချွန်းလိပ်လိုက်သည်။။ အိပ်ယာခေါင်းရင်းမှ ဆေးဘူးကို လှမ်းယူရင်း ဆေးသိပ်လိုက်၏။။ ပြီးတော့မှ မီးညှိရှိုက်ဖွာရင်း မနက်စာစားဖို့ ပြင်နေသော အဖေ့ကို ကူလိုက်သည်။။ ထမင်းနွေးနွေးကို ဆီဆမ်း၊ဆားဖြူးပြီး ပဲကတ္တီပါပြုတ်နှင့်နယ်ကာ ရေနွေးကြမ်းတစ်ယောက် တစ်ခွက်နှင့် သားအဖနှစ်ယောက်၏ မနက်စာက ဂုဏ်ပကာသနမဖက် အဆောင်အယောင် ကင်းမဲ့လှပေမယ့် စားလို့မြိန် လွန်းလှသည်။။ စားသောက်ပြီး အေးနိုင် ပန်းကန်များကို ဆေးကြော သိမ်းဆည်းနေခိုက် အဖေက ရေဒီယိုတစ်လုံးနှင့် အလုပ်ရှုပ်နေ၏။။

"အဖေရေ.. ဒီနေ့တော့ ဟိုးထောင့်က နှစ်ဧကကွက်ကို အပြတ်ချမယ်ဗျာ။။ နယ်ရ၊လှေ့ရဦးမှာဆိုတော့ အချိန်သိပ်ဆွဲ နေလို့မဖြစ်တော့ဘူး။။ ဟိုမှာ မဝင်းရီတို့ ကောက်ရိတ်သမတွေ လာနေပြီ.. အဖေသေချာပြောလိုက်ဦးဗျ ။။ ဟိုကောင်..မောင်ကျော် မင့်လေပန်းမနေနဲ့ မြန်မြန်လာ.. လှည်းလာကူတပ်.. ဟိုဘေးကြားကောက်လှိုင်းတွေ ဒီနေ့အပြီးတိုက်မယ်။။"

အဖေ့ကို လှမ်းပြောရင်း တဆက်တည်းမှာ ကောက်ရိတ်သမ တစ်အုပ်နှင့် တဝါးဝါး၊တဟားဟား လေပန်းရင်း လာနေသော မောင်ကျော့်ကို လှမ်းအော် လိုက်သည်။။

"လာပါပြီ ကိုကြီးအေးနိုင်ရ။။ ဆေးလိပ်လေးဘာလေး သောက်ပါရစေဦး။။"

မောင်ကျော့် စကားကြောင့် အေးနိုင်က သူ့ခါးပုံစကို ပုတ်ပြရင်း ဒီမှာပါတယ် စကားမရှည်နဲ့ဟု ပြောလိုက်သည်။။ ပြီးတော့ လှည်းပေါ်သို့ ကောက်လှိုင်းထိုးသည့် ခက်ရင်းခွကို လှမ်းတင်ရင်း လွှတ်ထားသော နွားနှစ်ကောင်ကို ဆွဲခေါ်ကာ လှည်းမှာ တပ်လိုက်ကြ၏။။ ပြီးတော့ လှည်းကို မောင်ကျော်က မောင်းထွက်တော့ နောက်မြီးမှ အေးနိုင်က ခုန်တက်လိုက်သည်။။ ဤသို့ဖြင့် သူတို့၏ တစ်နေ့တာ လုပ်ငန်းကြီးက စတင် လည်ပတ်လေတော့သည်။။



##################################




"ဟေ့ကောင်ကြီး အေးနိုင်။။"

ရွာထိပ်က ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတုန်း သူ့နာမည်ကို ခေါ်လိုက်သံကြောင့် လှည့်ကြည့်လိုက်တော့ ငယ်သူငယ်ချင်း အောင်ကို့ကို တွေ့လိုက်ရသည်။။ ဒီကောင်က မိဘလက်ငုတ် အလုပ်ကို မလုပ်ချင်ဟုဆိုပြီး မလေးရှားမှာ အလုပ်သွား လုပ်နေသည့် ကောင်ဖြစ်၏။။ မတွေ့တာပင် နှစ်နှစ်ကျော်ခဲ့လေပြီ။။

"ဟာ..ဟေ့ကောင် မင်းဘယ်တုန်းက ပြန်ရောက်လဲ။။ မိုက်တယ်ကွာ သန့်ပြန့်နေတာပဲ။။ ဘယ်လောက် စုမိဆောင်းမိ ခဲ့လဲကွ။။"

အေးနိုင်၏ ဝမ်းသာအားရ မေးခွန်းအဆုံးမှာ အောင်ကို့မျက်နှာ အပြုံးတစ်ချက် ပျက်သွားသည်။။

"ဘယ်ကသာ စုမိဆောင်းမိရမတုန်းကွာ။။ စထွက်သွားပြီး ကတည်းက ရောက်လိုက်တဲ့ ဒုက္ခ။။ လူလည်း စိတ်ဓာတ်ကို ဘုန်းဘုန်းကျပါရောလား။။"

ဘာဖြစ်လို့တုန်းဟ ဟုမေးလိုက်ရင်း ဆိုင်ထဲမှ ကမ်းပေးလာသော ကွမ်းယာထုတ်ကို လှမ်းယူလိုက်သည်။။ ပြီးတော့ ဖန်ပုလင်းထဲမှ ကြယ်နီဆေးပေါ့လိပ် ၅ လိပ်ကို ထုတ်ယူရင်း ပိုက်ဆံပါ ရှင်းလိုက်၏။။ ပြီးတော့ အောင့်ကို့ဘက်သို့ ကြယ်နီဆေးပေါ့လိပ်ကို ကမ်းပေးလိုက်တော့ ငါ့ဆီမှာပါတယ် ဒါသောက်ဟုဆိုကာ Mindseven စီးကရက်ဘူးကို ဖွင့်ပေးသည်။။ အေးနိုင် မျက်ခုံးကိုပင့်ရင်း အသာပြုံးလိုက်ပြီး တစ်လိပ်ယူကာ မီးညှိရှိုက်ဖွာလိုက်၏။။

"အေးပေါ့ကွာ.. ရောမကို ရောက်ဖူးတော့လည်း မင့်ကရောမလို ကျင့်နေပီပေါ့။။ ကောင်းကွာ။။ ဆိုစမ်းပါဦး မင်းရဲ့ အတွေ့အကြုံလေးတွေ။။"

"ငါတို့ဒီကနေ စထွက်သွားကတည်းက ငယ်လိုက်တဲ့ မျက်နှာကွာ။။ ဟိုလူ့အဖေခေါ်ရမလို ဒီလူ့အဖေခေါ်ရမလိုနဲ့ ပွဲစားကတစ်မျိုး အေးဂျင့်ကတစ်မျိုးနဲ့ ဘာတွေမှန်းကို မသိဘူး။။ မြန်မာကနေ တာဝန်ယူပြီး ပို့ပေးတဲ့ ကုမ္ပဏီကလည်း ဒီဘက်ရောက်တော့ ဘာမှတာဝန်မယူတော့ဘူး။။ သူတို့ပြောထားတာနဲ့ ဟိုရောက်တော့ ကြုံရတာကလည်း အကုန် တခြားစီပဲ။။ ကမောက်ကမနဲ့ ရောက်လာပြီးမှတော့ မထူးတော့ပါဘူးကွာဆိုပြီး ငါတို့လည်း ကြုံလာသလို ရင်ဆိုင်ကြရ တာပေါ့။။ အခက်အခဲတွေမှ အများကြီးပါကွာ။။ ပြန်တွေးရင် ပြန်ပြီးကို စိတ်ပျက်တယ်။။ "

"မင်းပြောသလိုဆို အဲဒီမှာ ဘာမှကို အဆင်မပြေဘူး ဆိုတဲ့သဘောပေါ့။။"

အေးနိုင်ရဲ့ စကားနှင့် ပုံစံကို ကြည့်ပြီး အောင်ကိုက တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့်

"လာကွာ..လ္ဘက်ရည်ဆိုင်သွားမယ်။။ မင်းကို ငါအကုန်ပြောပြမယ်။။"




@@@@@@@@@@@@@@@@@




"အေးကွ.. မင်းတို့ ငါတို့အဲလို ကြုံတွေ့နေရတာ အဓိကတာဝန်ရှိတာ အစိုးရပဲ။။ အစိုးရကသာ အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်း ပေးထားရင် ဘယ်သူက အပြင်ထွက်ပြီး အလုပ်လုပ်မှာလဲ။။ ငါဟိုနေ့က ရေဒီယိုသတင်းမှာ နားထောင်လိုက်ရတယ်။။ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေတစ်သန်းကျော် ရှိတယ်တဲ့။။"

အောင်ကို့စကားအဆုံးမှာ ဟိုဘက်ဝိုင်းမှ ဝင်းထွန်းက ဝင်ပြောလာသည်။။ သူ့လက်ထဲမှာလည်း ဂျာနယ်တစ်စောင်ကို ကိုင်ထား၏။။ ဝင်းထွန်းက အလုပ် မယ်မယ်ရရ ဘာဆိုဘာမှ မလုပ်ပဲ မိုးလင်း၊မိုးချုပ် ရွာရိုးလျောက်လိုက် လ္ဘက်ရည်ဆိုင် ထိုင်လိုက်နှင့် နိုင်ငံရေး သမားယောင်ယောင် ကြီးကြီး ကျယ်ကျယ် လျောက်ပြောနေတတ်သည့် ယောင်(၆၀)ကောင် ဖြစ်သည်။။ အောင်ကိုက မလေးရှားမှာ ကြုံတွေ့ရသော အခက်အခဲများ ဒုက္ခ၊သုက္ခများကို ပြောပြနေတုန်း နားထောင်နေပြီး မဆီမဆိုင် ဝင်အာခြင်းဖြစ်၏။။ အေးနိုင်က ဒီကောင့်ကို တစက်လေးမှ ကြည့်မရ။။

"ဟုတ်မှာပေါ့။။ မင်းလိုကောင်တွေပဲ ဖြစ်မှာပဲ။။ အဲဒီအလုပ်လက်မဲ့ တစ်သန်းကျော်ဆိုတာ မင်းလို လက်ကျောမတင်းပဲ အရည်မရ အဖတ်မရ အလကားပဲတင်း လေလုံးတွေထွားပြီး ဘာအလုပ်မှမလုပ်တဲ့ သင်္ကြန်အမြောက်တွေပဲနေမှာပေါ့။။ မင်းသာ အလုပ်လုပ်ချင်ရင် လာစမ်းပါ။။ ငါ့လယ်မှာ လူလိုနေတာနဲ့ အတော်ပဲ မင်းကို ငါအလုပ်ပေးမယ်။။ လာလုပ်လေ။။"

အေးနိုင်စကားကြောင့် ဝင်းထွန်း မျက်နှာရှုံ့မဲ့သွားသည်။။

"မင်းမစော်ကားနဲ့ ဟေ့ကောင်။။ ငါတို့က အဲလိုအလုပ်လက်မဲ့တွေ၊ ဆင်းရဲတွင်း နက်နေတာတွေကို လျော့ချဖို့ ဘယ်လို ဘယ်နည်းနဲ့ လုပ်ဆောင်နိုင်မယ် ဆိုတာ အဖြေရှာနေကြတာကွ။။"

"ခွေးပါးစပ်က နတ်စကား ထွက်တယ်ဆိုတာ အဲဒါမျိုးနေမှာ။။ ဟေ့ကောင် ဝင်းထွန်း မင်းအပိုတွေ ပြောမနေနဲ့။။ ဆင်းရဲတာကို လျော့ချချင်ရင် အလုပ်လုပ်။။ အလုပ်လုပ်ရင် အလုပ်လက်မဲ့ဆိုတာ ပေါ်လာစရာကို မရှိဘူး။။ ကိုယ့်ဘာသာ လက်ကျောမတင်းတိုင်း ဟိုအလုပ်တော့ မလုပ်နိုင်ဘူး၊ ဒီအလုပ်က ကိုယ့်အတွက်ဆို နိမ့်နေတယ် လျောက်ပြောနေပြီး ကြီးကြီးကျယ်ကျယ်တွေ လုပ်မနေနဲ့။။ ဘာလဲမင်းပြောတဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဆိုတာ လ္ဘက်ရည်ဆိုင်ထိုင်ပြီး တိုက်ဖျက်နေကြတာလား။။"

ဒေါသတကြီး ပြောလိုက်သော အေးနိုင်၏လက်ကို အောင်ကိုက ခပ်တင်းတင်းဆုပ်ကိုင်ပြီး သတိပေးလိုက်သည်။။ ဝင်းထွန်းကတော့ အေးနိုင်ကို သနားစရာကောင်းတာပဲ ဟူသောမျက်လုံးမျိုးဖြင့် ခပ်စင်းစင်းကြည့်လိုက်၏။။

"အဲဒါပဲ မင်းတို့မှာ ဘာဗဟုသုတမှ မရှိလို့၊ မင်းတို့ဘာမှ မသိကြလို့ ဒီလိုစကားမျိုးတွေ ပြောနေကြတာ။။ အပြင်ကို လှမ်းကြည့်တတ်အောင် ကြိုးစားဦး အေးနိုင်။။ တခြားနိုင်ငံတွေ ဘယ်လိုဆိုတာ သိအောင်ကြိုးစားဦး။။ မင်းတို့ ငါတို့တွေ အခွင့်အရေးတွေ ဘယ်လောက်ဆုံးရှုံးနေလဲ။။ လွတ်လပ်ခွင့်တွေ ဘယ်လောက်ဆုံးရှုံးနေလဲ သိအောင်ကြိုးစားဦး။။"

အေးနိုင်က ခပ်လောင်လောင် တစ်ချက်ရယ်လိုက်သည်။။

"သေချာပြန်တွေးဦး ဝင်းထွန်း။။ ငါကဘွဲ့ရပြီးသားနော်။။ မင်းဘွဲ့တစ်ခုတောင် ရအောင်မယူနိုင်ပဲ အပိုတွေ မပြောစမ်းနဲ့။။ အခွင့်အရေးတွေ ဆုံးရှုံးနေတယ် ဆိုရအောင် မင်းအခု ဘာဖြစ်နေလို့တုန်း။။ လွတ်လပ်ခွင့်တွေ ဆုံးရှုံးတယ် ဆိုရအောင် မင်းကိုဘယ်သူ ကြိုးတုပ်ထားလို့တုန်း။။ တခြားနိုင်ငံတွေ ထွက်ကြည့်ဦးလို့ ပြောရအောင်ရော မင်းက ဘယ်နိုင်ငံရောက်ဖူးလို့လဲ။။ ရေဒီယိုက တစ်ဖက်တည်း ကြည့်ပြီးပြောတဲ့ စကားတွေ နားယောင်ပြီး လေဖမ်းဒါန်းစီး လုပ်ပြမနေနဲ့။။ ကိုယ်သောက်သုံးမကျတာကို လူမသိအောင် ပါးစပ်ထဲတွေ့ရာတွေ ထင်ရာလျောက် မပြောစမ်းနဲ့ကွာ။။ ငါ့နား ကလောတယ်။။"

"တော်တော့ ဝင်းထွန်း။။ အေးနိုင် မင်းလည်းပြောမနေနဲ့တော့ သွားမယ်။။"

တင်းမာလာသော အခြေအနေကြောင့် အောင်ကိုက စကားဝိုင်းကို သိမ်းပြီး လ္ဘက်ရည်ဆိုင်ထဲမှ ထွက်လာခဲ့လိုက်တော့သည်။။




^^^^^^^^^^^^^^^^^^^^^^^^^^^^^^^




"အလကားကောင်.. အလုပ်ကျတော့ လက်ကျောမတင်းဘူး။။ စကားပြောရင် ကြီးကြီးကျယ်ကျယ်နဲ့။။ ရပ်ရွာအတွက် ဘာတွေ ထိထိရောက်ရောက် လုပ်ပေးနိုင်လဲ ဆိုတော့ အလှူအိမ်မှာတောင် အိုးတစ်လုံး ဆေးမပေးဖူးဘူး။။ "

အေးနိုင် ဒေါသအရှိန်မပြေသေးပဲ တောက်တစ်ချက် ခေါက်ပလိုက်သည်။။ အောင်ကိုက ပြုံးလိုက်ရင်း

"စိတ်ကို လျော့ပါ သူငယ်ချင်းရာ။။ သူပြောတာလည်း တချို့တွေ မှန်တယ်ကွ။။ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ငါတို့နိုင်ငံမှာ လိုအပ်နေတာတွေ အများကြီးရှိနေသေးတယ်။။ ဘာပဲပြောပြော အခုလည်း အပြောင်းအလဲတွေ လုပ်နေပြီပဲလေ။။ မဝေးတော့တဲ့ တစ်နေ့မှာတော့ ပြီးပြည့်စုံမယ်လို့ ငါတော့ ယုံကြည်မိပါတယ်။။"

"ငါက နိုင်ငံရေးလုပ်တဲ့ သူတွေကို မကောင်းမြင်တာတော့ မဟုတ်ပါဘူး။။ ဒါပေမယ့် အလကားပဲတင်း လေပေါတိုင်း လျောက်ပြောနေတဲ့ သူတွေကိုတော့ ကြည့်မရဘူးကွ။။ လုပ်ပြစမ်းပါ တကယ် ထိထိရောက်ရောက် လုပ်ပြနိုင်လား။။ သူတို့ပြောတဲ့ အတိုင်း တကယ်သာ ဖြစ်မယ်ဆိုရင် လုပ်ပြလေ။။ ဘာမှလုပ်မပြပဲ လျောက်ပြောနေရုံနဲ့ ဘာဖြစ်လာမှာတုန်း။။ ဒီလိုကောင်တွေက သူများ ဘာလုပ်လုပ် အကောင်းမမြင်ပဲ တမင်သက်သက် ကန့်လန့်တိုက်ပြီး ထင်ရာပြောမယ့်ကောင်တွေ။။ ကိုယ်လုပ်တာမှ ကိုယ်ပါတဲ့ပွဲမှ ကောင်းတယ်ထင်တဲ့ ကောင်တွေ။။ ဘယ်သူတွေ ဘာလုပ်နေနေ အကောင်းပြောမယ့် ကောင်တွေမှ မဟုတ်တာ။။ ဆင်တွေလိုပဲ တစ်နေ့(၃)ခါလောက် ဆင်ဦးစီးကို သေကြောင်း မကြံရရင် မနေနိုင်တဲ့ကောင်တွေ။။ သူများတွေ တကယ် လုပ်ပြနေလို့ တစ်ခုပြီးတစ်ခု ဖြစ်လာနေတာ မင်းလည်းတွေ့တယ်။။ ငါလည်းတွေ့တယ်။။ အကောင်းမြင် တတ်သူတွေ ပေါင်းပြီး လုပ်နေကြပြီ။။ ဒီခွေးသူတောင်းစားလို အကောင်တွေပဲ ခုချိန်ထိ ကဖျက်ကယက် လုပ်လို့ ကောင်းနေတုန်း ရှိသေးတာ။။"

အောင်ကိုက လက်ခံတယ်ဟူသော သဘောဖြင့် ခေါင်းကို ငြိမ့်နေသည်။။ ပြီးတော့မှ

"စိတ်ကို လျော့ထားစမ်းပါကွာ။။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်စမ်းပါ။။ သူလုပ်ချင်လို့ လုပ်နေတာပဲ နားလည်ပေးလိုက်။။ မင်းက မလုပ်ချင်လို့ မလုပ်တာ။။ လူတစ်ကိုယ် စိတ်တမျိုးပေါ့။။"

"အင်းးးး ဘာဖြစ်ဖြစ် မကောင်းဘက်ကပဲ တွေးနေလို့ပါ။။ နေရာတကာ လက်သည်ပဲ အားကိုးနေလို့ ရမလား။။ ကိုယ်တိုင်လည်း အားထုတ်ဦးမှပေါ့။။ မင်းဆိုလည်း မင်းမိသားစု အဆင်ပြေဖို့ ပြည်ပထိ ထွက်ပြီးအလုပ်လုပ်တယ်။။ ငါဆိုလည်း ငါ့မိဘ လက်ငုတ် လယ်တွေကို ဦးစီးပြီးလုပ်တယ်။။ ဒါငါတို့ တတ်နိုင်တဲ့နည်းနဲ့ တိုင်းပြည်ကို အကျိုးပြုတာလို့ ငါယုံတယ်။။ ထားပါတော့ကွာ။။ ဒါတွေပြောမနေတော့ဘူး။။"

"အေးပါ.. ထားလိုက်ပါတော့။။ ဒါနဲ့ မနက်ဖြန် မင်းအားလား။။"

အောင်ကို့အမေးစကားကြောင့် အေးနိုင်က ခေါင်းကို ခါလိုက်ရင်း

"မနက်ဖြန် စပါးတွေ လှေ့ဖို့ရှိတယ်ကွ။။ ငါရွာထဲ ပြန်လာနိုင်မှာ မဟုတ်ဘူး။။ ကွင်းထဲမှာရှိမယ် မင်းအားရင် အဖေနဲ့ လိုက်လာခဲ့လေ။။ မင်းရောက်ခဲ့တဲ့ မြို့ပြထက် မနိမ့်တဲ့ သဘာဝအလှတွေ ငါမင့်ကို ပြမယ်။။ တကယ်လို့အားရင် မင်းအိမ်ကို ပြောခဲ့လေ။။ တဲမှာပဲ အိပ်လိုက်။။ မြန်မာ့ဆောင်းမနက်ခင်း အလှတွေ မင်းကိုပါ ခံစားကြည့်စေချင်လို့။။"

ငါလည်းဒီရွာမှာပဲ ကြီးလာတဲ့ကောင်ပါ အေးနိုင်ရာ ဟုပြောရင်းအောင်ကိုက ရယ်သည်။။

"ကဲ..အောင်ကို ဟိုကောင်ဝင်လာတာနဲ့ ငါမေးချင်တာတွေ မင်းကို မမေးရသေးဘူး။။ အခုက ငါလယ်ထဲပြန်ရဦးမှာမို့ သွားတော့မယ်ကွာ။။ မနက်ကျ အဖေနဲ့ ဆက်ဆက် လိုက်လာခဲ့။။ သွားပြီဟေ့ကောင်။။"

အောင်ကို့ကို နှုတ်ဆက်ပြီး အေးနိုင်တစ်ယောက် ခပ်သုတ်သုတ် ထွက်သွားသည်။။ သူငယ်ချင်းဖြစ်သူ၏ နောက်ကျောကို လှမ်းကြည့်ရင်း အောင်ကို သက်ပြင်း ချလိုက်သည်။။ အေးနိုင် ဘာကိုမေးချင်တယ်ဆိုတာ သူကြိုသိနေသည်။။ သို့သော် ထိုအကြောင်း အရာများကို ဘယ်လိုပြောပြရမလဲ ဆိုတာကိုတော့  ခုချိန်ထိ သူဘယ်လိုမှ စဉ်းစား၍ မရနိုင်သေးပါလား။။။





******************************




ညနေအလုပ်တွေ သိမ်းတော့ အဖေလည်း လှည်းတပ်ပြီး အိမ်သို့ပြန် သွားလေပြီ။။ ကောက်ရိတ်သမ တစ်အုပ်လည်း စကားတွေ ကြွက်ကြွက် ညံရင်း အတန်းလိုက်ကြီး ပြန်သွားပြီဖြစ်၏။။ တိတ်ဆိတ်နေသော လယ်စောင့်တဲလေး အရှေ့ မြေကွက်ပေါ်မှာ ဖျာကြမ်း တစ်ချပ်ခင်းပြီး အောင်ကိုနှင့် အေးနိုင် အပြောကျယ်လှသော ကောင်းကင်ကြီးကို တမေ့တမော ငေးကြည့်နေမိသည်။။ ဆောင်းကာလမို့ ညဦးပိုင်းက စိမ့်စိမ့်အေးနေ၏။။ ဘေးမှမီးဖိုကို မီးထပ်ထိုးရင်း အောင်ကို့ဆီ စောင်တစ်ထည် ပစ်ပေးလိုက်သည်။။ ပြီးတော့မှ အေးနိုင် တဲထဲဝင်သွားပြီး သောက်ရေအိုးကို မထုတ်လာ၏။။ ပြီးတော့ ပန်းကန်များကို သယ်ထုတ်လာပြန်သည်။။ ကန်စွန်းရွက်ကြော်တစ်ခွက်၊ ဆားနှင့် သံပုရာစိတ်တွေက တစ်ပန်းကန်၊ ငါးမဲလုံးခြောက် မီးဖုတ်ပြီး ဆီဆမ်းထားတာက တစ်ပန်းကန်။။ ဘာတွေတုန်းဟဟု အောင်ကိုက ပြောလိုက်တော့ အေးနိုင်က ခါးကြားမှ အနီရောင်မန္တလေးရမ် ပုလင်းကို ထုတ်ပြသည်။။

"မင်းလာမယ်ဆိုတာ ငါသိတာပေါ့ ဟေ့ကောင်ရာ။။ ဒါကြောင့် မနေ့က ကွင်းထဲပြန်လာ ကတည်းက အပျိုကြီး ဆိုင်ကနေ ဒီကောင်ကြီးရယ်၊ ငမဲလုံးခြောက် တစ်တွဲရယ် ဆွဲလာတာ။။  ဆောင်းတွင်း ဆိုတော့ ရေနွေးကြမ်းလောက်နဲ့က အဆင်မပြေ လှဘူးဟ။။"

မင်းကတော့ လုပ်ရော့မယ်ဟု ပြောရင်း အောင်ကိုပြုံးလိုက်သည်။။ ခဏနေတော့ သူငယ်ချင်းနှစ်ယောက် စကားတပြောပြောနှင့် ဝိုင်းလေးတစ်ခု ဖြစ်သွားတော့သည်။။

"ဟေ့ကောင် အောင်ကို.. မလေးရှားမှာ မင်းပြောပုံဆို အဆင်မပြေဘူးပေါ့။။ အဲဒါဆို ငါ့အသည်းလေးရော။။ သူကျ ဘာသံမှ မကြားပါလား။။ ခုထိလည်း ပြန်မလာဘူး။။"

အမေးစကားကြောင့် အောင်ကိုတစ်ယောက် အေးနိုင်မျက်နှာကို လှမ်းကြည့်လိုက်သည်။။ ဘာမှမသိသော သူငယ်ချင်းကို သူဘယ်လို ပြောရမည်မှန်းမသိ။။

"မင်း ကြူခိုင့်ကို မေ့လိုက်တော့ အေးနိုင်။။ ငါက မင်းသူငယ်ချင်း အရင်းကြီးမို့ မင်းငါ့ကို ယုံတယ်ဆိုရင် ကြူကြူခိုင်ကို မင်းမေ့လိုက်တော့။။"

အောင်ကို့စကားကြောင့် ခွက်ထဲငှဲ့ ထည့်နေသော အေးနိုင်၏ လက်တွေ တုန့်ရပ် သွားသည်။။ ပြီးတော့မှ မယုံနိုင် သလို မော့ကြည့်ရင်း

"အာ..ဟေ့ကောင်ကြီး မင်းမူးနေပြီလား။။ ကြုခိုင်က ငါခုမှချစ်တဲ့သူ မဟုတ်ဘူးလေဟ။။ ငယ်ချစ်လေကွာ ..ငယ်ချစ်ဟ။။ မင်းမူးလည်း တခြားအကြောင်းကို မေ့လေကွာ။။ ဒါလေးတော့ မမေ့ပါနဲ့ သူငယ်ချင်းရ။။"

ပြောလည်းပြော တဟားဟား ရယ်နေသော သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း အောင်ကိုတောက် တစ်ချက် ခတ်လိုက်သည်။။ ဒီလောက် ကိုယ့်အပေါ် ချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားပါရက် လုပ်ရက်သော ကြုကြူခိုင့် မျက်နှာကိုလည်း ပြန်မြင်လာ၏။။ အောင်ကို့ဆီမှ တောက်ခတ်သံကြောင့် အေးနိုင် မျက်မှောင်ကြုတ်လိုက်သည်။။ ငယ်ပေါင်းတွေမို့ အောင်ကိုက တော်ရုံဒေါသ ထွက်တတ်သူ မဟုတ်တာကို သိနေသည်လေ။။

"ဟေ့ကောင်.. မင်းဘာဖြစ်တာတုန်း။။ ဒါမှမဟုတ် ကြူခိုင် တစ်ခုခုဖြစ် သလား။။ ဟေ့ကောင် ပြောပါဟ။။"

စိုးရိမ်စိတ်ဖြင့် အေးနိုင် အမောတကော မေးလိုက်မိသည်။။ အေးနိုင်နှင့် ကြူကြူခိုင်က ငယ်ငယ်ကျောင်းသား ဘဝကတည်းက အရမ်းချစ်ကြသည့် ချစ်သူတွေဖြစ်၏။။ ဘွဲ့ရပြီး ထိုအချိန်က ခေတ်ထနေသည့် မလေးရှားသို့ အလုပ်သွား လုပ်ရန် ကြူကြူခိုင် ထွက်ခွာသွား ကတည်းက ခုချိန်ထိ မတွေ့ရတာပင် (၃)နှစ်ပြည့်တော့မည်။။ မလေးရှားသို့ ရောက်စနှစ်ကတော့ သူမဖုန်းဆက်လျှင် သူမအိမ်ကို သာမက သူ့ကိုပါ ခေါ်လာ ခိုင်းတတ်ပြီး၊ ခုနောက်ပိုင်း မှာတော့ သူမအိမ်သို့လည်း ငွေပို့ချိန်လောက်ကလွဲပြီး ဖုန်းမဆက်တော့။။ သူမဖုန်းဆက် လျှင်လည်း ခဏတဖြုတ်သာ ဘယ်လောက် ပို့လိုက်သည်၊ ဘယ်နေ့ရောက်မည် ဒီလောက်ပဲပြောပြီး ဖုန်းချပစ်တတ်သည်။။ ကြူကြူခိုင် ဘာတွေဖြစ်နေသည် မသိပေမယ့် အေးနိုင်ကတော့ အရင်အတိုင်း ချစ်နေဆဲ၊ သူမပြန်လာမည့်နေ့ကို စောင့်နေဆဲပဲမို့ ကိုယ့်အတွေးနှင့် ကိုယ်ပျော်ရင်း မျှော်နေမိ တာဖြစ်သည်။။

"မဟုတ်ဘူး ဟေ့ကောင်။။ ငါမမေ့ဘူး။။ ငါသိတယ်။။ သိလို့ပိုပြီး စိတ်ထိခိုက်ရတာ။။ သိလွန်းလို့ မင်းကို ကြူခိုင်နဲ့ မပက်သက်နဲ့တော့လို့ ပြောရတာပေါ့ကွာ။။ မင်းနဲ့ငါ ငယ်ပေါင်းတွေပဲ မင်းသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ငါမသိပဲ နေပါ့မလား အေးနိုင်ရာ။။"

"ဒါဆို ကြူခိုင် ဘာဖြစ်လို့တုန်း။။ ဟေ့ကောင် မင်းငါ့ကို ပြောပြလေကွာ။။"

အလောတကြီးမေးနေသော သူငယ်ချင်းဖြစ်သူကို အောင်ကို စိတ်မသက်သာစွာ ကြည့်လိုက်ရင်း

"အခု မလေးရှားမှာ ကြူခိုင် ဘာတွေ လုပ်နေတယ်၊ ဘာဖြစ်နေတယ် ဆိုတာ မင်းသိလား။။ မင်းချစ်သူ ကြူကြူခိုင်က မင်းကို သစ္စာ ဖျက်သွားပြီ အေးနိုင်ရ။။ သူ့ရင်ထဲမှာ မင်းမရှိတော့ဘူး။။ သူ့ရင်ထဲမှာ ငါတို့ သူငယ်ချင်းတွေလည်း မရှိတော့ဘူး။။ အိုကွာ. .ကြီးကြီး ကျယ်ကျယ် ပြောရရင် သူ့ရင်ထဲမှာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုး ဆိုတဲ့ မျက်နှာတွေတောင် မရှိတော့ဘူးကွ။။"

"မင်းပြောတာတွေ ငါနားမလည်ပါလား အောင်ကိုရာ.. ရှင်းရှင်းပြောပါဟ။။"

ဆောင်းတွင်းညမှာပင် အေးနိုင်ရင်ဘတ်က ပူစပ်နေ၏။။ သောက်ထားသော အရက်ကြောင့် မဟုတ်တာတော့  ခံစားနေရသူ ကိုယ်တိုင်ကသာ အသိဆုံး မဟုတ်ပါလား။။အောင်ကိုက ခေါင်းငြိမ့်ရင်း ရှေ့မှအရက်ခွက်ကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။။

"ငါတို့တွေ မလေးရှားကို ရောက်တဲ့ အချိန်မှာ အခက်အခဲတွေ ဒုက္ခတွေ ကြုံကြရတယ်။။ အဲဒီအခက်အခဲ ဒုက္ခတွေကို ငါတို့ ဘာသာပဲ ကြိုးစားဖြေရှင်းခဲ့ ကြရတယ်လေ။။ မင်းချစ်သူ ကြူကြူခိုင် ကတော့ ဖြေရှင်းပုံ ဖြေရှင်းနည်း မမှန်ခဲ့ဘူးကွာ။။ သူ့လိုပဲ ဟိုမှာရောက်နေတဲ့ တချို့ စိတ်ပျော့တဲ့ ယောင်္ကျားလေးတွေလည်း စိတ်ညစ်တာကို ကြုံသလိုဖြေရှင်းရင်း အရက်သမားလိုလို၊ ဖဲသမား၊ဆေးသမားလိုလို တွေဖြစ်ကုန်ကြတယ်။။ အဲထက်ဆိုးတာက တချို့ကောင်တွေက နှမချင်းမစာနာ ဒုက္ခရောက်နေသူကို ကူညီသလိုလိုနဲ့ အခွင့်အရေး ယူလိုက်ကြတယ်ကွာ။။ ကြူခိုင်ကလည်း အဲလိုခံစား လိုက်ရတဲ့ အထဲက တစ်ယောက်ပေါ့။။ နောက်တော့ ကြူခိုင်က မထူးဇာတ်တွေ ခင်းရင်း အခုဆို ငါတို့တွေ ထိန်းတဲ့ကြားက ဘယ်လိုမှ မရတော့ပဲ တခြားနိုင်ငံက ကောင်တွေနဲ့ပါ တွဲတဲ့အထိ ဖြစ်လာတယ်အေးနိုင်။။ တွဲတယ်ဆိုတာက ငါယဉ်ယဉ်ကျေးကျေး ပြောတဲ့စကားကွာ။။ မင်းလည်းခေတ် ပညာတတ် လူငယ် တစ်ယောက်ပဲ သဘောပေါက်မှာပါ။။"

ဘာာာဟူသော အသံတစ်ခုကို ခပ်မာမာပြုရင်း အေးနိုင် ငေါင်စင်းကြီး ဖြစ်သွားသည်။။ အတွေးထဲမှာပင် မထင်မြင်မိသော အကြောင်းအရာများမို့ အံ့လည်း အံ့သြလွန်းနေမိ၏။။ ဒါဆို ကြူခိုင် သူမမိသားစုဆီ ပြန်ပို့နေသော ငွေများက သူမလုပ်အားနှင့် ရိုးရိုးသားသား ရရှိထားသော ငွေကြေးများ မဟုတ်ပြီပေါ့။။ အသွေးအသားကို ရောင်းစားပြီး ပြန်ပို့သော ငွေများဟုသာ သူမ၏ မိဘများ သိခဲ့လေလျှင် မည်ကဲ့သို့ ခံစားရလေမည်နည်း။။ သူမပြန်လာမည့် အချိန်ကို စောင့်မျှော်နေသော ချစ်သူကိုမှ စိတ်ထဲ ထည့်မတွက်တဲ့အထိ ဘာတွေက သူမအတွက် အရေးကြီးနေခဲ့လေပြီနည်း။။ အေးနိုင် အံကိုတင်းတင်းကြီး ကြိတ်လိုက်သည်။။

"မလေးရှားမှာ တချို့မြန်မာ မိန်းကလေးတွေကို ဖုန်းတစ်လုံးပေးရင် တစ်ညအိပ်လို့ ရတယ်လို့ ပြောကုန်ကြပြီ။။ မလေးရှားမှာရှိတဲ့ မြန်မာယောင်္ကျားလေးတွေက အိမ်ပြန်လို့ မိန်းမယူရင် မလေးရှားရောက်ဖူးသူဆို ရှောင်ရမယ်လို့ ပြောကုန် ကြတဲ့အထိ ဖြစ်နေတယ်အေးနိုင်။။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့ကွာ။။ တချို့တချို့တွေပေါ့။။ ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုးက အမြဲရောနေတတ်တဲ့ အမျိုးဆိုတော့လည်း ပြောရတော့ ခက်တယ်ကွာ။။ အဲဒီတချို့တွေထဲကို မင်းရဲ့ချစ်သူ ငါ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ကြူကြူခိုင်လည်း ပါသွားခဲ့တယ်ကွာ။။"

"တော်..တော်ပါတော့ အောင်ကိုရာ။။ ငါမကြားပါရစေနဲ့တော့.. ငါမကြား ချင်တော့ဘူး။။ တော်ပါတော့ကွာ။။"

လက်ကာရင်း အေးနိုင်ပြောလိုက်သည်။။ ပြီးတော့ ဘာမှ မမြင်ရတဲ့ ကောင်းကင်ကြီးဆီ နာနာကျည်းကျည်း တစ်ချက်မော့ကြည့်လိုက်ပြီး လက်ထဲမှ အရက်ခွက်ကို မော့ချပစ်လိုက်တော့သည်။။ အောင်ကိုကတော့ တုံဏိဘာဝေဖြင့် သူငယ်ချင်းဖြစ်သူကို ငေးကြည့်လျက်။။ သူတို့ နှစ်ယောက်တည်း ရှိသော ဝိုင်းလေးကလည်း တဒင်္ဂ တိတ်ဆိတ်လျက်။။။




%%%%%%%%%%%%%%%%%%%




အေးနိုင် အိပ်ယာက နိုးလာတော့ သူငယ်ချင်းဖြစ်သူ အောင်ကိုက မနိုးသေး။။ သူအသာ ထလိုက်သည်။။ ပြီးတော့ မနေ့က ကျန်သော ကြယ်နီဆေးပေါ့လိပ်ကို မီးညှိလိုက်ပြီး တဲအပြင်သို့ ထွက်လိုက်၏။။ အပြင်မှ တဖွဲဖွဲ ကျဆင်းနေသော နှင်းစက်တွေက သူ့မျက်နှာကို လာပြီး ရိုက်ခတ်သည်။။ သွားပြီ။။ မျှော်လင့်ထားသမျှ အရာရာက အကုန်လုံး ပျက်စီး ပြီးဆုံး ခဲ့လေပြီတည်း။။ သက်ပြင်း တစ်ခုကို လေးလေးပင်ပင် ချလိုက်ရင်း ဆေးလိပ်ကို ရှိုက်ဖွာလိုက်တော့ မီးကသေနေလေပြီ။။

"ရော့..သူငယ်ချင်း ငါ့ဆီမှာ ကျန်သေးတယ်။။ ဒါကိုသောက်ကွာ။။"

နောက်မှ ရောက်လာသော အောင်ကိုက ပုခုံးကိုဖက်လိုက်ရင်း စီးကရက် တစ်လိပ်ကို မီးညှိပေး၏။။ အေးနိုင် ပြုံးလိုက်ရင်း လက်ကာ လိုက်သည်။။ ပြီးတော့မှ လက်မဖြင့် မီးခြစ်ခြစ်သည့်ပုံ လုပ်ပြလိုက်၏။။ အောင်ကိုက မီးခြစ်ကို လှမ်းပေးတော့ ကြယ်နီကို မီးပြန်ညှိပြီး ရှိုက်ဖွာလိုက်သည်။။

"ပြီးသွားပါပြီကွာ။။ တို့ကျောင်းတုန်းက ငါတို့ရဲ့ဆရာတစ်ယောက် ပြောခဲ့ သလို ပြီးတော့လည်း ပြီးသွားတာပါပဲ။။ သူမသွားခင် ကတည်းက ငါတားခဲ့တယ်။။ မရခဲ့ဘူး။။ သူများတွေလည်း သွားကြတာပဲလေဆိုပြီး ငါခွင့်လွှတ်ပေးခဲ့တယ်။။ အခုသူက ဒီလိုလုပ်ရက်ခဲ့တာ ငါ့ရင်ထဲကို မင်းဝင်ကြည့်ပေါ့ကွာ။။"

"ငါနားလည်တယ် အေးနိုင်။။ ငါမင်းရင်ထဲကို မြင်ကြည့် နားလည်နိုင်ပါတယ်။။ တော်ပါပြီကွာ။။ ငါလည်းငါ့မိဘလက်ငုတ် လယ်ကိုပဲ ဦးစီးပြီး လုပ်တော့မယ်။။ ပြည်ပမှာ အလုပ်လုပ်တယ်ဆိုတာ အမြင်ပဲလှပြီး အတွင်းပုတ်နေတဲ့ ကျီးအာသီးလို ဟာကြီးပါပဲကွာ။။ သူများတွေကသာ အထင်ကြီးကြတာ တကယ်သွား လုပ်နေတဲ့ သူတွေရဲ့ ရင်ထဲမှာ ဒဏ်ရာနဲ့ကင်းတဲ့သူ မရှိလှပါဘူး။။"

အောင်ကိုက အေးနိုင်၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ပြောလိုက်၏။။

"ကောင်းတာပေါ့ သူငယ်ချင်းရာ။။ ငါတို့က လယ်သမားမို့ လူရာမဝင်တော့ဘူးလို့ မင်းထင်လား။။ ပင်ပန်းပေမယ့် ငါတို့ စိတ်ချမ်းသာ ရတယ် သူငယ်ချင်းရ။။ ငါတို့ကိုယ်ကို ဖြတ်တိုက်တဲ့ လေတွေက သန့်ရှင်းတယ် လတ်ဆတ်တယ်။။ တစ်နေကုန် လှုပ်ရှားနေရတဲ့ ငါတို့ကိုယ်၊ လက်တွေက သာမာန်ထက်ပိုပြီး ကျန်းမာတယ်။။ လက်ထဲမှာ ငွေအမြဲ မသီးပေမယ့်၊ ငါတို့ရတဲ့ ငွေတွေက သန့်ရှင်းတယ်။။ ပြီးတော့ အခုဆို စိုက်ပျိုးရေး နည်းပညာတွေ တိုးတက်လာပြီ။။ စိုက်ပျိုးရေးသုံး စက်ကိရိယာတွေ ပေါများလာပြီ။။ ဒါတွေကို တွင်တွင် ကျယ်ကျယ် သုံးပြီး စိုက်ပျိုးရေး လုပ်ငန်းတွေကို ဦးစီးဖို့က မင်းတို့ ငါတို့လို ခေတ်ပညာတတ် လူငယ်တွေဆိုရင် ပိုပြီး မထိရောက်ပေဘူးလား။။ အတွေးမမှားပါနဲ့တော့ သူငယ်ချင်းရာ။။ သူများနိုင်ငံမှာ သူများခိုင်းတာ လုပ်ရတဲ့ အလုပ်သမား ဘဝထက်၊ ကိုယ့်နိုင်ငံမှာ ကိုယ်ပိုင်အလုပ်ကို ကိုယ်စွမ်းသလောက် အစွမ်းကုန်လုပ်ရင်း အလုပ်ရှင်ဘဝကို ခံစားကြည့်လိုက်စမ်းပါ။။"

အေးပါ သူငယ်ချင်းရာ..ဟုပြောရင်း အောင်ကို့မျက်လုံးတွေက အေးနိုင်ကို လှမ်းကြည့်လိုက်ပြန်သည်။။ သဘောပေါက်သည့် ဟန်ဖြင့် အေးနိုင်က လက်ကာလိုက်ရင်း

"မင်းဘာ ဆက်ပြောမယ် ဆိုတာ ငါသိတယ် သူငယ်ချင်း။။ ထားလိုက်ပါတော့ကွာ။။ ဟိုးအဝေးကြီး ရေခြား၊မြေခြားက သူ့ကို ငါကဘာတွေ လှမ်းပြောနိုင်ဦးမှာလဲ။။ မင်းတို့တောင် ပြောလို့မရ ခဲ့တဲ့သူက ငါပြောရင်ရော ရနိုင်ပါ့မလား။။ ဘာပဲပြောပြော သူ့အိမ်နဲ့ သူ့မိသားစုကို မမေ့သေးဘူး ဆိုကတည်းက သူတစ်နေ့တော့ ပြန်လာမယ်ဆိုတာ ငါယုံပါတယ်။။ ဒါပေမယ့်ကွာ မင်းပြောခဲ့သလိုပေါ့ ငါဒီနေ့ကစပြီး ကြူကြူခိုင့်ကို မေ့လိုက်တော့မယ်။။ သူပြန်လာတဲ့ တစ်နေ့ထိ ငါ့အချစ်တွေက သူ့အတွက် အပြစ်မယူရက်စွာ ရှင်သန်နေဦးမယ်၊ သူ့စိတ်ဓာတ်တွေကို ငါ့စိတ်ဓာတ်တွေက မရွံမရှာပဲ ခွင့်လွှတ် နိုင်နေဦးမယ် ဆိုရင်တော့ သူနဲ့ငါ ဆုံဆည်းနိုင်ဦးမှာပါ။။ ဒါပေမယ့်ကွာ.. ထားလိုက် ပါတော့.. ပြီးတော့လည်း ပြီးသွားမှာပါပဲ။။"

အောင်ကိုက ဘာမှမပြောတော့ပဲ ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။။ ပြီးတော့မှ အေးနိုင်၏ ပုခုံးကိုဖက်လိုက်ရင်း လက်မောင်းကို ခပ်ပြင်းပြင်းလေး တစ်ချက်ထိုးလိုက်၏။။ အေးနိုင်ကလည်း လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း ရှေ့ထုတ်လိုက်သည်။။ သူ့လက်သီးကို အောင်ကိုက ထိပ်ဆိုင်တစ်ချက် ခပ်ပြင်းပြင်းလေး ထိုးလိုက်ပြန်၏။။ ဒါတွေက သူတို့အထက်တန်း တက်စဉ် ကတည်းက အခက်အခဲတစ်ခုကို အတူတူဖြတ်သန်းဖို့ သဘောတူကြတိုင်း ပြုလုပ်တတ်ကြသည့် အပြုအမူတစ်ခုဖြစ်သည်လေ။။ ဘာပဲပြောပြော လွမ်းမောဖွယ် အိပ်မက်ဆိုးကြီးပမာ ဒီအဖြစ်အပျက်တွေကလည်း ပြီးဆုံးချိန် တန်ရင်တော့ ပြီးဆုံးသွားမှာပါပဲလေဟုပဲ။။။။



လေးစားလျက်
အလင်းသစ်

7 comments:

  1. လတ်တလော အဖြစ်ပျက်လေးတွေနဲ့ တိုက်ဆိုင်နေတဲ့ အကြောင်းအရာလေး ပါပဲ။ ရသမြောက်တဲ့ ပို့စ်လေး ခံစားအားပေးလျှက်ပါလို့....

    ReplyDelete
  2. ခံယူချက်ချင်းမတူတာကို အပြစ်ရယ်တော့မဟုတ်ပါဘူးလေ

    ReplyDelete
  3. အားပေးလျှက်အလင်းသစ်ရေ....
    စာတွေဆက်လက်ရေးအားကောင်းပါစေ။

    ReplyDelete
  4. ရသမြောက်တဲ့ဝတ္ထုတိုလေးကိုအားပေးသွားတယ်ချစ်ကိုကြီးရေ

    ReplyDelete
  5. မလေးရှားက စာဖတ်ပရိတ်သတ်အနေနဲ့ စာပါအကြောင်းရာများ မှန်ကန်နေကြောင်း ထောက်ခံပါ၏..ဘာပဲဖြစ်ဖြစ်ပေါ့လေ မြန်မာဟာမြန်မာပါပဲ ဘယ်ရောက်ရောက်မမေ့သွားကြပါနဲ့ လို့ ..တိုင်းပြည်ရဲ့သဘာဝ သယံဇာတ တွေကို ပြည်သူပြည်သားကောင်းကြိုးအတွက် အသုံးချပြီး နိုင်ငံနှင့်ပြည်သူ စည်ပင်ဝပြောအောင် စိတ်ရင်အမှန်နဲ့ လုပ်သော ခေါင်းဆောင်ကောင်းများအမြန်ပေါ်ပါစေ..ပြည်းတွင်းရင်းနှီးမြုတ်နှံမှုတိုးတက်ပြီး စက်မှုလက်မှုလုပ်ငန်းများဖွံဖြိုးကာ ပြည်ပမှအမျိုးသမီးအလုပ်သမားများ ပြည်တွင်းပြန်နိုင်ကြပါစေလို့  ရင်ထဲက စေတနာနဲ့ ဆုတောင်းပါ၏ ၏ီမှာ မြင်နေရတာ အမျိုထိ မချိအောင် နာနာနေလို့ ပါ ဘာတဲ့ စက်ရုံက ဘင်္ဂလားတွေက ပြောတယ် မင်းတို့ မြန်မာမတွေ...............အော် လက်ရှိမှာကိုက မောင်(စွယ်စုံကျမ်း)စားနေတဲ့ထမင်းဆိုင်က မြန်မာမနဲ့ ကုလားနဲ့ ရလို့ ဖွင့်တဲ့ဆိုင်ဗျာ ချက်နေတဲ့တိုင်းရင်းသူလေးကလည်း ယောကျားက ဘဂ်လားဗျာ..အဲ..နောက်ဆုံးပြောရရင်တော့ စာပါအကြောင်းရာများမှန်ကန်ကြောင်း ထပ်ဆင့်ထောက်ခံပါ၏ လို့ ....

    ReplyDelete
  6. မလေးမရောက်ဖူးပေမဲ့ကြားနေတာနဲ့တင်
    ကြောက်မိပါသည် စာရေးကောင်းတဲ့အလင်းသစ်ရေ
    အားပေးခဲ့ပါကြောင်း

    ReplyDelete
  7. ဖတ်ရတာ နင့်သွားတာပဲ အလင်းသစ်ရေ..

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။