ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, July 15, 2012

စိန့်ပီတာစဘတ်(သို့) လီနင်ဂရက်မြို့သို့အလည်တစ်ခေါက် -(၂)

တစ်နေ့ခင်းလုံး ခြေကုန်၊လက်ပမ်းကျသည်အထိ လည်ပတ်ပြီးနောက် လိုက်ပို့သည့် သူငယ်ချင်းများရော ကျွန်တော်တို့ပါ ပင်ပန်းလှပြီဖြစ်၍ အဆောင်သို့ပြန်ကာ အနားယူလိုက်ကြသည်။။ ထို့နောက် ည(၂)နာရီခွဲ အချိန်တွင် ပြုလုပ်မည့် "အဖြူရောင်ညများ" ပွဲတော်ဖွင့်ပွဲသို့ သွားရောက်ရန် အဆောင်မှ ည (၁၁) နာရီခန့်တွင် ထွက်လာခဲ့ကြ၏။။ ကျွန်တော်တို့ ကံမကောင်းတာလား (သို့တည်းမဟုတ်) ပီတာစဘတ်သားများ မိုးမင်းနှင့်မတည့်လေသလားမသိ မိုးကတဖွဲဖွဲ ရွာချနေ၏။။ ကြုံရခဲသည့် ပွဲတော်မို့သာ သွားရသည် ထီးတွေနှင့်မို့ သိပ်အဆင်မပြေလှ။။ မိုးတဖွဲဖွဲအောက်မှာ ကားရထား တစ်တန်၊ မြေအောက်ရထားတစ်တန်နှင့် ဖွင့်ပွဲကျင်းပမည့် ညက်ဘာမြစ်ကမ်းဘေးဆီသို့ ထွက်ခွာလာ ခဲ့ကြသည်။။ ရောက်သည်နှင့် တံတားကိုအလယ်မှချိုးပြီး ရွက်လှေအနီကြီး ထွက်လာသည်ကို သေချာစွာ ကြည့်နိုင်မည့် နေရာအားရွေးကာ နေရာဦးလိုက်ကြ၏။။ မိုးရွာကြီးထဲ အားထည့်ပြီး လာကြည့်ခါမှ ကံကထပ်မကောင်း။။ ရွေးထားသည့်နေရာနှင့် ရွက်လှေနီကြီးထွက်လာပြီး မီးရှူး၊မီးပန်းများ ပစ်ဖောက်မည့် နေရာက တခြားစီဖြစ်နေသည်။။ ထို့ကြောင့်ပင် မြန်မာစကားပုံ "ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ" ဆိုတာကြီး ရှိခဲ့လေသလားမသိ။။။ :D သို့ပေသိ တစ်နှစ်မှာ တစ်ခါသာနွှဲရသည့် ပွဲပေမို့ ပီတာစဘတ်မြို့ခံများသာမက ကမ္ဘာအရပ်ရပ်မှ ဧည့်သည်များပါ လာရောက်ကြသည်မို့ ညက်ဘာမြစ်ကမ်း တစ်ဖက်စီမှာတော့ လူတွေက ကြိတ်ကြိတ်တိုး စည်ကားလှ၏။။





 "အဖြူရောင်ညများ" ပွဲတော်ဖွင့်ပွဲ ကျင်းပမည့် ညက်ဘာမြစ်ကမ်းမြင်ကွင်း
(အချိန် ည ၁၂ နာရီခွဲခန့်)

 
မိုးတဖွဲဖွဲအောက်က အဖြူရောင်ညများ ပွဲတော်ဖွင့်ပွဲ
(အချိန် ည ၂ နာရီခွဲခန့်)

မိုးတဖွဲဖွဲအောက်မှာမို့ ဗီဒီယိုဖိုင်အဖြစ် ရိုက်ကူးသည်များက မပီပြင်ခဲ့။။ ထို့ကြောင့် စိန့်ပီတာစဘတ်မြို့၏ အဖြူရောင်ညများ ပွဲတော်ဖွင့်ပွဲကို ခံစားကြည့်ရှုလိုသူများအတွက် (၂၀၁၁) ခုနှစ်က ဖွင့်ပွဲအပြည့်အစုံကို ရိုက်ကူးတင်ဆက် ထားသည့် YouTube လင့်စ်လေးကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။။


****************************************

အဖြူရောင်ညများ ပွဲတော်ကအပြန်မှာတော့ တစ်နေကုန်ရော တစ်ညလုံးပါ မနားရသည့် ဒဏ်များဖြင့်ပင်ပန်းလွန်း လှပြီမို့အပြည့်အဝ အနားယူလိုက်ကြတော့သည်။။ နောက်နေ့မှာတော့ အတော်နေမြင့်မှ အိပ်ယာမှ နိုးလာကြ၏။။ နေ့လည်စာ စားသောက်ပြီးတော့ Peterhof Palace သို့ထွက်လာခဲ့ကြသည်။။နန်းတော်နှင့် အပေါ်ပန်းခြံ၊ အောက်ပန်းခြံ အနှံခြေတိုအောင် လျောက်သွားကြရင်း တော်တော်လေး သဘောကျမိသည်။။ ကျွန်တော်တို့ဆီမှာလည်း ဒီလိုပန်းခြံကြီးတွေ ရှိရင်ဘယ်လောက်ကောင်းမလဲဟု အတွေးလည်း ဝင်မိ၏။။ ကမ္ဘာလှည့် ခရီးသည်များနှင့် ပန်းခြံကြီးကလည်း စည်ကားလွန်းလှပါသည်။။


 Peterhof palace အဝင်တွင်တွေ့ရသော အပေါ်ပန်းခြံ


နန်းတော်ဆောင်တစ်ခု



ရေပန်းအသေးစားများနှင့် ပင်လယ်ဝဆီသွယ်တန်းထားသော တူးမြောင်း


ရေပန်းများအောက်ရှိ အရုပ်များ

 

အောက်ပန်းခြံအတွင်းမှ ရေပန်းများနှင့် ရေတံခွန်အတု


 

ကလေးကစားသည့် ရေပန်းသစ်ပင်
(ဒီသစ်ပင်ရဲ့ ဘေးမှာ ၅ စက္ကန့်တစ်ခါ ရေပန်းထုတ်သည့် ရေပန်းများတပ်ထားပြီး ကလေးများဖြတ်ပြေး ဆော့ကစားကြပါသည်။။)

ကျွန်တော်တို့ သွားတဲ့ အချိန်က နည်းနည်းနောက်ကျသွားလို့ ရေပန်းလျောက်လမ်းဆိုတာက ပိတ်သွားလေပြီ။။ အချိန်မှီပါက ထိုလမ်းလေး၏ လမ်းဘေးနှစ်ဖက်မှ ရေပိုက်များဖြင့် ယှက်ထိုးထားသည့် ရေပန်းအမိုးအောက်မှာ လမ်းလျောက်ခွင့်ရခဲ့ပေဦးမည်။။ ချစ်သူရှိသူများဆိုပါက ဘယ့်နှယ်ပြောပါလိမ့် ချစ်သူလျောက်လမ်းလို့တောင် နာမည်ပေးလေမလားမသိ။။ ခုတော့ အချိန်က နောက်ကျနေသဖြင့် လျောက်ခွင့်မရခဲ့သလို ရိုက်လို့လည်း မရခဲ့တော့။။။ :P


နောက်ထပ်ရေပန်းတစ်ခု
(ကျောက်ဆစ်ရုပ်များကတော့ နေရာတိုင်းလိုလိုမှာ တွေ့ရသည်။။ တော်တော်ထုလည်း ထုနိုင်တဲ့ လူမျိုးတွေပါလားလို့ တွေးမိ၏။။ ကျောက်ဆစ်ရုပ်ကိုပြောပါတယ်။။ :P )



ပင်လယ်ဝဘက်မှ ပြန်မြင်ရသည့် မြင်ကွင်း

'

အင်းလျားကန်ဘောင်ကို ပြန်သတိရမိစေတဲ့ ဘောင်မြင့်မြင့်
(တစ်ဖက်မှာ ပင်လယ်နှင့် တစ်ဖက်မှာ ပန်းခြံရှိသော ဘောင်ကြီး။။။)


အပြောကျယ်ကျယ် ပင်လယ်ပြာပြာနှင့် သဘောင်္ဆိပ်

Peterhof Palace မှ ညနေစောင်းမှာ ပြန်လာခဲ့လိုက်ကြသည်။။ ပြန်ရောက်တော့ သူငယ်ချင်းများနှင့် စကားပြောကောင်းစေသော ဖျော်ရည်လေးများဖြင့် စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင် အနားယူမိကြပြန်၏။။ စိန့်ပီတာစဘတ်မြို့တွင် နှစ်ပတ်တာကာလ နေထိုင်စဉ်အတွင်း ကျွန်တော်တို့၏ သူငယ်ချင်းများ အလွန်ပင်ပန်းခဲ့ကြရသည်။။ ထို့အတူ ကျွန်တော်တို့လည်း အတွေ့အကြုံသစ်ပေါင်း များစွာကို ရရှိခဲ့ကြ၏။။ မည်သို့ပင်ဆိုစေ အလွန်ပင် ပျော်ရွှင်ဖွယ်ကောင်းသော ခရီးစဉ်တစ်ခုအဖြစ် အမြဲအမှတ်ရနေမိမှာကတော့ အမှန်ပင် ဖြစ်ပါသည်။။။

လေးစားလျက်
အလင်းသစ်

7 comments:

  1. ရောက်ခဲ့ပါတယ်ရှင်ပုံတွေအတွက် ကျေနပ်ရပါတယ်
    ကျေးဇူးတင်ပါရှင် ပုံတွေအရမ်းလှတော့ရောက်ဖူးချင်ပါတယ်
    မရောက်နိုင်တော့ပါဘူးလေ

    ReplyDelete
  2. အစ်ကိုရေ... အရုပ်တွေက မသိရင် တကယ့်ရွှေတွေကျနေတာပဲ.။ နောက်နှစ်မှပဲ
    နေဗီ ကသူငယ်ချင်းတွေအားကိုးနဲ့သွားမိုက်တော့မယ်.။

    ReplyDelete
  3. ဓာတ်ပုံတွေအရမ်းလှတယ် ရိုက်တဲ့သူတော်တယ် ..:)
    မရောက်ဖူးပေမဲ့ပုံတွေကြည့်ပြီးရောက်သွားသလိုပေါ့..:)

    ReplyDelete
  4. ပုံတွေကတော့ အလန်းပဲနော်...
    ပိုက်ဆံစုထားလိုက်ဦးမယ် အကိုရေ...:-)))

    ReplyDelete
  5. တော်တော်လှတဲ့ မြို့ဘဲနော်
    ဓာတ်ပုံတွေ အားလုံး ကောင်းတယ်
    ရွှေရောင် လက်နေတဲ့ အရုပ်ကြီးတွေကလည်း တကယ့် ရွှေအစစ်တွေလားထင်ရတယ်။
    အရမ်းမိုက်တယ်။

    ReplyDelete
  6. စိန့်ပီတာစဘတ်ကို ကိုယ်တိုင်အလည်ရောက်သွားသလိုပဲ အလင်းသစ်ရေ။ ခရီးသွားပို့စ်လေး နှစ်ခုစလုံးဖတ်သွားပြီ ဗဟုသုတတွေအတွက် ကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ဓာတ်ပုံတွေဟာ လှပလွန်းလို့ တကယ်ရောက်သွားသလို့ခံစားမိတယ် .....

    အစဉ်အမြဲအားပေးလျက် .........

    "ဂျက်"

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။