ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, January 2, 2011

သြော်...အချစ်ဆိုတာဒါတဲ့လား


..သားတို့ သမီးတို့ရေ ..သူလေးက ကွမ်းခြံကုန်းမြို့ကပြောင်းလာတဲ့ကျောင်သူအသစ်လေးပါကွယ်..
...ကိုယ့်သူငယ်ချင်းလို ခင်ခင်မင်မင်ဆက်ဆံကြရမယ်နော်..
အတန်းပိုင်ဆရာမရဲ့ စကားကိုနားထောင်ရင်း ကျနော်ငေးကြည့်မိပါရဲ့..ကျောင်းသူအသစ်လေးက မလှပေမယ့်ချစ်စရာတော့ကောင်းသားလို့တော့တွေးလိုက်မိပါတယ်..ဒါမယ့် ကျနော်သူ့ကိုမှတ်မှတ်ရရတော့မရှိလှပါဘူး။
ကံကြမ္မာကမျက်နှသာပေးတာလား သူပဲကံဆိုးလေသလားမသိ ။ကျောင်းဆင်းတော့ ကျနော် စက်ဘီးစတန်းကိုသွားနေတဲ့အချိန်
သူနဲ့ကျနော်ရင်းနှီးခွင့်ရခဲ့ပါတယ်။
...ကိုမင်း..တို့ကရွက်နုဝေပါ...
..ဟုတ်..ကျနော်ဘာကူညီရမလဲဗျာ...
..သည်းနု ကပြောတယ် ကိုမင်းကလက်ရေးလည်းလှတယ် လက်ချာလဲစုံတယ်တဲ့..စာအုပ်ငှားချင်လို့ပါ...
..သြော် ရပါတယ်ဗျ..ဒီမှာပါ..
...ကျေးဇူးပါကိုမင်း...ရွက်နုတို့ သူငယ်ချင်းဖြစ်ပြီနော်..တာ့တာ.............
ပြောပြီးထွက်သွားတဲ့သူ့ကိုကြည့်ပြီးကျနော်သက်ပြင်းချမိတယ်..ခုမှရောက်လာလို့ သူမသိပေမယ့်နောက်ဆိုသူသိလာမှာပါ။
ကျောင်းအုပ်ကြီးရဲ့ ကြိမ်လုံးက ကျနော်တို့အတွက် လိုဖြစ်နေတာကိုလေ။လက်ရေးလှလို့ကျောင်းနံရံကပ်စာဆောင်မှာ ကဗျာ
ယောင်ယောင် ဝတ္တုယောင်ယောင်ရေးရင်း ကျောင်းအုပ်ကြီးရဲ့မှင်နီကနေပွတ်ကာသီကာလွတ်နေတဲ့ကောင်ဆိုတာသူသိလာမှာ
ပါ။အဲလိုနေ့လေးတွေဖြတ်ရင်းသူလဲလက်ချာစုံလာတယ်။သူများတွေလိုပဲ သူလဲပုံမှန် စာလိုက်နိုင်လာတယ်လေ။ဒါမယ့် ဘယ်သူနဲ့မှမတူစွာ ကျနော့်ကို သူအရမ်းအားကိုးပြခဲ့တယ်။စာမရတိုင်း ကျနော့်ကိုပဲလာမေးတယ်လေ။နောက်ကျတော့လဲ သူ့ကိုရှင်းပြချင်တာနဲ့ ကျနော်စာကြည့်ဖြစ်လာပါတယ်။သူကျနော့်ကိုချုပ်ကိုင်စိုးမိုးလာတာကို ကျနော်သတိမထားမိစွာ ကျဆုံး
နေတာလေ။ဒီလိုနဲ့ရက်လေးတွေကိုလတွေကစားသွားကြတာပါ။အဲတုန်းက ကျနော်တို့ဆယ်တန်းတက်နေကြတဲ့ကာလလေးပေါ့။

ကျနော့်အတွက်တော့သူက မီးအိမ်ရှင်လေးဖြစ်လာတယ်လေ။မပြည့်စုံမှုကို သိမ်ငယ်စိတ်တွေနဲ့ လောကကြီးကိုကလန်ကဆန်
လုပ်ရင်း ဆိုးတယ်ဆိုတဲ့နာမည်ရထားတဲ့ ကျနော့်အတွက်တော့သူက တကယ့်ကို ပဲ့ကိုင်ရှင်လေးဖြစ်လာတာပါ။


........................။.။။.။.....................


ဒီလိုရက်လေးတွေဖြတ်သန်းရင်းသံယောဇဉ်ကြိုးလေးတွေကိုသတိမထားမိစွာပျော်ခဲ့ကြတာလေ။သီတင်းကျွတ်ကျောင်းပိတ်ဖို့
သိပ်မလိုတော့တဲ့တစ်နေ့မှာ သူ့ကို D ခန်းက မိုးကျော်ကနှင်းဆီပန်းလေးလာပေးတာ ကျနော်တွေ့လိုက်ရတယ်။သူငယ်ချင်းတွေကလဲမကျေနပ်ဘူး။ဟုတ်တယ်လေ ကိုယ့်အတန်းကကျောင်းသူကို သူများကအဲလိုကျော်လာတာ ဘယ်ကျေနပ်နိုင်မှာလဲဗျာ။နောက်နေ့မှာ ကျနော် ဘုန်းကြီးကျောင်းကိုအစောကြီးပြေးပြီး
ကျောင်းဝင်းထဲက ကံ့ကော်ပင်က ပွင့်ခါစ ကံ့ကော်ပန်းတွေကိုတက်ခူးပြီး ကျောင်းကို အစောကြီးထွက်လာမိတယ်။
ဘာလို့လဲတော့ မသိဘူး သူကျောင်းဘက်ကို လမ်းလျောက်လာတာတွေ့တော့ ရင်တွေခုန်လိုက်တာဗျာ။သြော် သူက
ကျနော်တို့ကျောင်းနဲ့သိပ်မဝေးတဲ့ သူ့ဦးလေးတစ်ယောက်ရဲ့အိမ်မှာနေတာလေ။အဲဒီသူ့ဦးလေးက ကျူရှင်ဆရာပေါ့။
သူကျနော့်နားကိုဖြတ်လျောက်သွားတော့နောက်ကလိုက်ပြီးကျနော်သူ့ကို စကားပြောတယ်လေ။
...ရွက်နု..စကားနည်းနည်းပြောချင်တယ်..........
...ပြောလေကိုမင်း...
...ဒါရွက်နုအတွက်ပါ..ကံ့ကော်ပန်းလေးတွေလေ... နှင်းဆီပန်းလိုတော့ တန်ဖိုးမကြီးလှပါဘူး..ဒါမယ့်
..ရွက်နုရယ်......................
ကျနော်စကားကဆက်ထွက်မလာခဲ့ပါဘူး။လည်ချောင်းမှာတင်တစ်နေတာလေ။သူက ကံ့ကော်ပန်းလေးတွေကိုနမ်းပြီးကျနော့်ကို
ပြန်ပြောပါတယ်။
...မွှေးပြီးလှနေတာပဲကိုမင်းရာ..ကျေးဇူး..ပြောလေ ကိုမင်းဘာပြောမလို့လဲ......
ကျနော်သူ့ကိုသေချာကြည့်လိုက်ပြီး စကားကိုတစ်ခွန်းချင်းပြောချလိုက်မိတယ်။အဲလိုပြောရဲမယ်လို့ကျနော်တကယ်မထင်ထားမိပါဘူး။တကယ်ကိုမထင်ထားမိပါဘူး။
...ရွက်နု..ကိုမင်း...ရွက်နုကို အရမ်းချစ်တယ်..ရင်ထဲကကိုမြတ်မြတ်နိုးနိုးချစ်မိတာပါ..ရွက်နုစဥင်္းစားပေးပါနော်..
ကံ့ကော်ဆိုတာ နှင်းဆီလောက်တော့ တန်ဖိုးမမြောက် ဂုဏ်မမြောက်ပေမယ့် သူလဲသူ့အဆင်းနဲ့သူ့သတင်းတော့
သင်းသင်းပျံပျံရှိပါတယ်..........
ရွက်နု အံ့အားသင့်သလို ကျနော့်ကိုကြည့်တယ်။ဒါမယ့်သူ့ဆီက ဘာတုန့်ပြန်မှုမှ ရမလာခဲ့ပါဘူး။အချိန်အနည်းငယ်ကြာမှ
သူ့ဆီကအသံတိုးတိုးလေးကြားလိုက်ရတယ်။
..ရွက်နု စဉ်းစားမယ်လေနော် ကိုမင်း....ခုတော့ ရွက်နုသွားလိုက်ပါဦးမယ်...
အဲဒီနေ့ကစပြီး ကျနော်သူ့ကိုအရိပ်တကြည့်ကြည့်နဲ့ရှိနေခဲ့တာပါ။မိုးကျော်ကလဲသူ့ကိုချဉ်းကပ်နေတာ ပိုပြီးတောင်ရက်တွေ
စိပ်လာသလိုပဲလေ။ကျနော်စိုးရိမ်စိတ်တွေအရမ်းများလာတယ်ဗျာ။စာလဲမလုပ်ချင် ဘာကိုမှလဲစိတ်မပါနဲ့ အဲတော့မှ သူကျနော့်ကို
ဘယ်လောက်ထိစိုးမိုးထားတယ်ဆိုတာ သိလိုက်ရတယ်လေ။ကျနော် သူ့ကြောင့်စိတ်တွေလေနေသလိုဖြစ်လာတော့သူငယ်ချင်း
တွေကသူ့အိမ်ရှေ့မှာ သီချင်းသွားဆိုကြမယ်လို့ပြောတယ်။အဲနေ့က သူ့ဦးလေးထွက်ဆဲတယ်ဗျာ။ကျနော်တို့မကျေနပ်ပေမယ့်
အသက်ကြီးတာရယ် သူ့မျက်နှာကြောင့် ပြန်လာခဲ့လိုက်ကြတယ်။နောက်နေ့ကျတော့ ရွက်နုကျနော့်ဆီကိုရောက်လာတယ်လေ။
ကျနော်နဲ့သူစကားတွေအများကြီးပြောဖြစ်ပြီးသီတင်းကျွတ်လပြည့်နေ့ကျရင် အဖြေပေးမယ်ဆိုတဲ့ကတိကိုရခဲ့ပါတယ်။
သီတင်းကျွတ်ကျောင်းပိတ်ရက်တွေကို ကျူရှင်ပြေး၊စာကြည့်တာတွေအပြင် သူနဲ့လည်နေတဲ့ရက်ကလေးတွေအဖြစ်ပါကျနော်
ဖန်တီးနိုင်ခဲ့တယ်။ကျနော် သူ့ကိုအရမ်းချစ်မိတာပဲဗျာ။သူလဲကျနော့်ကိုအရမ်းချစ်တယ်လို့ယုံကြည်ခဲ့တယ်။ဆယ်တန်းပြီးရင်
သူက ကွန်ပျူတာပညာရှုင်ဖြစ်အောင်ကြိုးစားမယ်၊ကျနော်ကတော့ သစ်တောအရာရှိဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ အနာဂတ်
ရည်မှန်းချက်လေးတွေနဲ့ ကျနော်တို့အရမ်းကိုပျော်ခဲ့ကြတာပါဗျာ။ဘာလုပ်လုပ် လုပ်သမျှတိုင်းကလဲအဓိပါယ်တွေပြည့်နေတယ်
လေ။ဒီလိုနဲ့ပဲ....................။


...........။.။။.။..............

.....ဟေ့ကောင် ရွက်နုနဲ့ မိုးကျော်ကို မြို့ထဲမှာတွေ့လိုက်ရတယ်တဲ့နော်..ပြောထားဦး.............
ကျနော့်သူငယ်ချင်းအောင်အောင်ရဲ့စကားကြောင့် ရင်ထဲမှာစနောင့်စနင်းဖြစ်သွားတယ်။အဲလိုသတင်းလေးတွေ ကျနော်ကြားနေတာ ခဏခဏဖြစ်လာပြီလေ။သူ့ကိုမေးလိုက်တိုင်းလဲ အထူးထုတ်သွားဝယ်တာလိုလို အနီးကပ်သင်တန်း
အတွက်သွားမေးတာလိုလိုပဲဖြေနေခဲ့တယ်။စာမေးပွဲကလည်းနီးနေပြီမို့ ကျနော်နားလည်ပေးခဲ့ပါတယ်။
....သြော်..မင်းတို့မမြင်ဘူးရင်ကြည့်ထား ကြိုးရှည်ရှည်နဲ့ လှန်ထားခြင်းခံရတဲ့နွားဆိုတာ အဲ့လိုကောင်ကွ.........
...ဟေ ဟုတ်လား..ဘာလို့လဲဟပြောပါဦး...........
...သူ့ခမျှာတော့ ပြောသမျှယုံပြီး နွားပြာကြီးအောက်သွားမရှိဖြစ်နေတာလေ...ဟိုကတော့ မြို့ထဲသွားလိုက်..ဘုရားသွားလိုက်
ကြည်နူးနေတာ သူမသိရှာဘူး....ဟားဟားဟား..........
ကျနော်တို့ ထိုင်နေတဲ့ဝိုင်းဘက်ကိုကြည့်ပြီး ပြောနေတာမို့ ကျနော်နားလည်လိုက်တယ်။ဒီကောင်တွေ ကျနော်နဲ့ရွက်နု
အကြောင်းကိုပြောနေကြတယ်ဆိုတာကိုလေ။ဒေါသတွေ ငယ်ထိပ်ထိတက်လာပေမယ့် ဟုတ်များဟုတ်လေမလားဆိုတဲ့
အတွေးနဲ့ ကျနော် သူတို့ကိုဘာမှမတုန့်ပြန်ခဲ့ပါဘူး။ကျနော့်ချစ်သူကိုလဲ ကျနော်မယုံရဲတော့တာကြာနေပြီလေ။ကျနော် စာလဲ
မကြည့်ဖြစ်တော့ဘူး ဘာကိုမှလည်းစိတ်မပါတော့ဘူးဖြစ်လာတယ်လေ။နောက်ဆုံးတော့လဲကျနော် မမျှော်လင့်တဲ့အခြေအနေ
တစ်ခုကို စောစောစီးစီးရောက်ခဲ့ရပါတယ်။အဲနေ့က ကျနော်နဲ့သူ တွေ့နေကျ ကျောင်းဘေးက ခရေပင်ကြီးအောက်မှာ
စကားတွေအကြာကြီးပြောဖြစ်ခဲ့တယ်။စေ့စပ်ညှိနှိုင်းတယ်ဆိုရင်ပိုမှန်မှာပါ။ဒါမယ့်ဗျာ........။
...ကိုမင်း..ရွက်နုကိုမေ့လိုက်ပါတော့နော်..ရွက်နု မိုးကျော်ကို အဖြေပေးလိုက်ပြီ..........
...ဘာ...ရွက်နု..မင်းဘာပြောလိုက်တာ..ပြန်ပြောစမ်းပါဦး..ပြန်ပြောလိုက်စမ်းပါဦးကွာ....
..ဟုတ်တယ်ကိုမင်း..မိန်းကလေးတစ်ယောက်အတွက် အချစ်ဆိုတာထက် ဘဝလုံခြုံမှုက ပိုအရေးကြီးတာ ကိုမင်း
နားလည်ပေးပါ...ရွက်နုဘဝကို ကိုမင်းထက် မိုးကျော်က ပိုပြီးလုံခြုံမှုပေးနိုင်မယ်လို့ ရွက်နု ယုံကြည်တဲ့အတွက်
ရွက်နု မိုးကျော် ကိုရွေးလိုက်တာပါ..ရွက်နုတို့အကြောင်းကို မတော်တဆ ခလုတ်တိုက်မှုလေးတစ်ခုအဖြစ်ပဲ ကိုမင်း
အမှတ်ရနေလိုက်ပါတော့နော်..........
ဒါပါပဲဗျာ။သူပြောသွားတာကဒါပါပဲ။သူ့အတွက်မတော်တဆ ခလုတ်တိုက်မှုလေးတစ်ခု၊ကျနော့်အတွက် ဧရာမခလုတ်တိုက်မှု
ကြီးတစ်ခုက အဲဒီလိုလေးပြီးဆုံးသွားခဲ့တာလေ။ဘယ်သူတွေဘာပြောပြောကျနော် ဘာဆိုဘာမှ မတုန့်ပြန်နိုင်တော့ပါဘူး။
သူတို့ပြောသမျှက အမှန်တရားတွေဖြစ်နေလို့လေ။လောကကြီးရယ် ကျနော်ကြောက်လှပါပြီဗျာ။အဲလောက်ထိတော့မနှိပ်စက်
ပါနဲ့တော့ဗျာ။ကျနော်ကြောက်လှပါပြီ..ကြောက်လှပါပြီဗျာ...........။




............။.။။.။..................

ဇာတ်ပေါင်း..............။

ဒီလိုနဲ့ရက်တွေကနေ လတွေပြောင်းလာလိုက်တာဆယ်တန်းစာမေးပွဲကြီးဖြေဆိုတာတောင်ပြီးဆုံးသွားခဲ့ပါပြီ။သူများချစ်သူ
ကိုလက်ဆောင်တွေအမျိုးမျိုးပေး ၊ စကားလုံးတွေကြွယ်ကြွယ်နဲ့မရအရစည်းရုံးသွားခဲ့တဲ့ မိုးကျော်၊ချစ်သူကို သစ္စာဖျက်ပြီး
ဂုဏ်ဓန ရုပ်ဝတ္တုသာတဲ့သူဘက်ကို ကောက်ကောက်ပါသွားတဲ့ ရွက်နုဝေ၊ချစ်သူတစ်ယောက်ကို ချစ်နေဖို့ကလွဲပြီးဘာမှမသိ
တတ်ခဲ့တဲ့ ကိုမင်းဆိုတဲ့ မင်းထက်ဝေ တို့ဇာတ်လမ်းလေးကလည်း ဆယ်တန်းစာမေးပွဲနဲ့အတူပြီးဆုံးသွားခဲ့ပါတယ်။မိုးကျော်
ကဒီလိုပြောသွားခဲ့တယ်...အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့......။ရွက်နုဝေကတော့ ဒီလိုပြောသွားပါတယ်....မိန်းမ
တစ်ယောက်အတွက် အချစ်ဆိုတာက ဘဝလုံခြုံမှုကိုမပေးနိုင်ပါဘူး..............တဲ့။ကိုမင်းကတော့...................................
ကိုမင်းကတော့ဗျာ.........................။
ဆယ်တန်းစာမေးပွဲပြီးလို့ နှစ်လလောက်အကြာမှာ မိုးကျော်က ရွက်နုဝေကို ခိုးပြေးသွားပါတယ်။ပညာမစုံခင်မှာ တည်ဆောက်
ခဲ့တဲ့သူတို့အိမ်ထောင်အဆင်မပြေခဲ့ပါဘူး။မိဘ ချမ်းသာတာကို သုံးဖြုန်းလာခဲ့တဲ့ မိုးကျော်ဘာကိုမှ လက်ကျောတင်းအောင်
မလုပ်တတ်ခဲ့ဘူးလေ။ခုတော့ ...အချစ်ဆိုတာက ဘဝလုံခြုံမှုကိုမပေးနိုင်ဘူး......ဆိုပြီးသူယုံကြည်ရာကိုရွေးချယ်ခဲ့တဲ့ ရွက်နုဝေ
လဲ ဘဝလုံခြုံဖို့ထက် ဝမ်းစာဖူလုံဖို့အတွက် ကြုံရာ အလုပ်ကို လုပ်ကိုင်နေရပါတယ်။ သစ္စာတရားကို တန်ဖိုးမထားတတ်ခဲ့သူ
တွေ ကို သစ္စာတရားကပြန်လည်ဒဏ်ခတ်လိုက်ခြင်းပေါ့ဗျာ။
ကိုမင်းဆိုတဲ့ မင်းထက်ဝေ ကတော့ အဲဒီနှစ်မှာ စာမေးပွဲကျသွားပြီး နောက်တစ်နှစ်ထပ်တက်ခဲ့ပါတယ်။သူတကယ်ကိုပြောင်းလဲ
သွားတာ သိသာလွန်းပါတယ်။စာကိုပဲ တစ်ချိန်လုံးတကုပ်ကုပ် လုပ်နေရင်းနဲ့ သူဆယ်တန်းစာမေးပွဲကို ဒုတိယမြောက်နှစ်မှာ
ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပါတယ်။ရွက်နုကို စိတ်နာလို့လား လွမ်းဆွတ်လို့လားမသိ ရွက်နုရဲ့အနာဂတ်ရည်မှန်းချက်ဖြစ်တဲ့
ကွန်ပျူတာတက္ကသိုလ်ကိုတက်ပြီးခုဆို MICT ထဲက ကုမ္မဏီ တစ်ခုမှာကွန်ပျူတာပညာရှင်အဖြစ် တာဝန်ယူလုပ်ကိုင်နေပါပြီ။
တကယ်တော့ဗျာ အချစ်ဆိုတာက သူ့ဘာသာနေရင် အင်မတန်နူးညံ့လှပလွန်းတဲ့ အရာတစ်ခုပါ။လူတွေပုံသွင်းသမျှ ပုံစံတွေ
အမျိုးမျိုးပြောင်းလာခဲ့ရတာပါဗျာ။အချစ်ဆိုတာ ကိုဈေးတွက်တွက်ပြီးချစ်တယ်ဆိုတာကိုလဲမှားတယ်လို့ထင်မိပါတယ်။
အားလုံးလဲ ကိုယ်ယုံကြည်တဲ့ အချစ်တစ်ခုကို အပြစ်အကင်းဆုံး ဖော်ကျူးနိုင်ကြပါစေဗျာ.............။။
............အချိန် နာရီနဲ့ ရာသီမဲ့အလွမ်းတွေကြားမှာ
အချစ်ကိုထမ်းထားရတဲ့ နှလုံးသားလည်း တမ်းတ လွမ်းရလွန်းလို့
ယဲ့ယဲ့ပဲကျန်တော့တယ်.....
............ ရင်နဲ့ခင်းထားတဲ့လမ်းမို့ပါ
တစ်သက်တာအတွက် ရည်ရွယ်ချက်မရှိရင်
လာပြီးဖြတ်မသွားလိုက်ပါနဲ့................
.............ဖြတ်လျောက်ရုံအတွက်နဲ့တော့
ခင်းထားရတဲ့ ငါ့နှလုံးသားကို နင်းမသွားဖို့
တောင်းပန်ပါရစေတော့..တောင်းပန်ပါရစေတော့ဟာ...........။။။

(သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်ကလေးတစ်ခုကို ရေးဖွဲ့တင်ပြပါသည်။။)

လေးစားလျက်
အလင်းသစ်
6.6.2010

No comments:

Post a Comment

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။