ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....
Saturday, July 30, 2011
ကျွန်တော် ကြိုက်၏ ..... မကြိုက်၏ (Angelhlaing Tag Post)
ကိုသက်တန့်ချို တဂ်ပြီးတော့ ဒုတိယပို့စ် အနေနဲ့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းဖို့ အကြောင်း ပေါ်လာတာပါ။။ ကိုယ့်အကြောင်း လူတွေသိမှာ အားကြီးကြောက်လို့ မရေးချင်ဘူးလေ။။(ဘယ်ရေးချင်မလဲ ရေးဖို့ရာ ကောင်းကွက်က မရှိသလောက်ပဲလေ...ဟဲ) ကန့်လန့်ကာ နောက်မှာပဲ ပျော်နေချင်တာ။။ ခုတော့ တဂ်တဲ့သူက တဂ်လိုက်ပြီ ဆိုတော့လည်း ရေးပြီးဗျာ။။ ကံ(၅)ပါးမှာ ခုချိန်ထိ ကျွန်တော် ဘယ်လိုမှ မလုံတာ တစ်ပါးပဲရှိပါတယ်။။ (ဘာလဲဆိုတာတော့ ပြောမပြဘူး..ဟီးးး)။။ ဆိုတော့ကာ ကျွန်တော် အခုရေးသမျှ အမှန်တွေ ဆိုတာကိုတော့ ၁၀၀% အာမခံပါ၏။။ (မယုံရင် ပုံပြင်မှတ်...:D) သူများတွေ ရေးထားတာ လိုက်လိုက် ဖတ်ကြည့်ပြီး ပညာတော့ ယူထားပါရဲ့။။ အမှားတွေ ပါခဲ့ရင်တော့ ခွင့်လွှတ်တော် မူကြပါကုန်။။ တဂ်လုပ်ပေးတဲ့ မ Angelhlaing ကို ဒီနေရာကနေ ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ပါရစေ။။
ကိုယ်ခန္ဓာ....
အရပ် ၅ ပေ၊ ၁၁ လက်မ ရှိတဲ့အတွက် (၃၉)ဗိုက်ပူကြီးတွေကို အားကြီး ကြောက်ပါတယ်။။ (ခုမရှိတော့ဘူးလို့ သတင်းတွေ ကြားရတဲ့အတွက် အရမ်းပျော်နေပါတယ်။။) အရပ်နဲ့ အလောတော် ကိုယ်အလေးချိန်အဖြစ် (၁၄၀-၁၄၅)ပေါင် အတွင်းမှာပဲ အမြဲရှိနေပါတယ်ဗျ။။ ညနေတိုင်းမှာ ဘယ်သူမှမခိုင်းပဲ ကိုယ့်သဘောနဲ့ကိုယ် တအီးအီး တအားအားနဲ့ ဝဋ်ခံပါတယ်။။ (ဝိတ်မပြီး ဘော်ဒီကစားတာကို ပြောတာပါ။) ဘောင်းဘီထဲ အင်္ကျီ ထည့်ဝတ်ရင် ဗိုက်ရှေ့ ပုံနေတာကို အားကြီး စိတ်ပျက်တတ် ပါတယ်။။ ဒါကြောင့် ဗိုက်သားကိုလည်း ထိန်းထားပါတယ်ဗျ။။(ကြွားလို့ရတုန်း ကြွားရတာလေ..:P)
မျက်နှာကတော့ နည်းနည်း ဝိုင်းတယ်ဗျ။။ နှဖူးကျဉ်းပါတယ်။။ မျက်လုံးနည်းနည်း မှေးပါတယ်။။ (မှေးဆို ရယ်လိုက်ရင် ပိတ်ကိုသွားတာ..ဟီးးးးး။။) ဒီတိုင်းနေရင် မပေါ်ပေမယ့် ရယ်လိုက်ရင် ပါးနှစ်ဖက်လုံး ချိုင့်သွား တတ်ပါတယ်။။ မျက်ခုံးထူပါတယ်။။ (မသိရင် မျှော့ကြီးနှစ်ကောင် တင်ထားတာလိုလို။။ ) ဆံပင်အနက် မတိုမရှည်ကို ညာဘက်ကနေ ဘယ်ဘက်ကို ခွဲထားပါတယ်။။ ခေါင်းလိမ်းဆီတို့ ဂျယ်တို့ လုံးဝ(လုံးဝ) မသုံးတတ်ပါဘူးဗျာ။။ အုန်းဆီစစ်စစ်ကိုပဲ (အခုကတော့ အုန်းဆီရှာမရလို့ သူတို့ ဟင်းချက်ရင် သုံးတဲ့ သံလွင်ဆီကို) လိမ်းပါတယ်။။ Roll On၊ After Shave နဲ့မျက်နှာသစ်ဆေး ကလွဲရင် တခြားအလှကုန် ဘာကိုမှ မသုံးပါဘူး။။ (ယောင်္ကျားလေးနဲ့လည်း ဆိုင်ပါဘူးလေ..)
လက်သည်း၊ ခြေသည်း ရှည်တာကိုတော့ ဘယ်လိုမှ မကြိုက်ပါဘူး။။ (သူများလက်သည်း ရှည်နေတာ တွေ့ရင်တောင် စိတ်ထဲမှာ ကျလိ၊ကျလိနဲ့.။။)
အပြုအမူ....
ရုပ်တည်နေရင် ကြောက်ကြပါတယ်။။ စိတ်ခံစားချက် မှန်သမျှက မျက်နှာမှာ ချက်ချင်းပေါ်တဲ့ ဘယ်လိုမှ ဟန်ဆောင်လို့ မရတဲ့ သူတစ်ယောက်ပါ။။ စိတ်ထဲမှာ ကျေနပ်ရင် ချက်ချင်းရယ်မိပြီး၊ သဘောမကျတာနဲ့ မျက်မှောင်ချက်ချင်း ကုတ်သွားပါတယ်။။ (ဘယ်လို သတိထားပြီး ထိန်းထိန်း ရကိုမရတာပါ။။) စကားပြောရတာ အားကြီး လက်ပေါက် ကတ်ပါတယ်။။ ပြောရင်လည်း ခပ်ဖြေးဖြေးပဲ ပြောတတ်ပါတယ်။။ အဲဒါကြောင့် သူများက စကားနဲ့ အနိုင်ယူတာ ခဏခဏ ခံရပါတယ်။။ စကားနဲ့ ပြောလို့ မနိုင်တာ သေချာရင် ထထိုးတတ်ပါတယ်။။ (ငယ်ငယ်တုန်းက ပြောပါတယ်။။) ဒေါသထွက်ခဲပြီး စိတ်တိုဒေါသ ထွက်ရင်လည်း အားကြီး ပေါက်ကွဲတတ်ပါတယ်။။ စိတ်ထဲမှာ မှတ်ထား တေးထား ငြိုးထားရတာကို လုံးဝ မနှစ်သက်ပါဘူး။။
တစ်ယောက်တည်း ခပ်အေးအေး နေရတာ အရမ်းနှစ်သက်ပါတယ်။။ ဆူညံသံတွေကို ခံနိုင်ရည် နည်းပါတယ်။။ (တအားဆူရင် ချွေးတွေပျံလာပြီး စိတ်တိုတတ်ပါတယ်။။) သီချင်းနားထောင်ရတာနဲ့ စာရေး၊စာဖတ် ခရီးထွက်ရတာတွေ နှစ်သက်ပါတယ်။။။
လမ်းလျောက်ရင် ဖြည်းဖြည်းပဲ လျောက်တတ်ပါတယ်။။ တော်ရုံလူဆိုရင် လမ်းလျောက်လာပုံကို ကြည့်ပြီး ရှိန်သွားတတ်ပါ၏။။ (ရှိန်မှာပေါ့ လမ်းလျောက်ရင် ပျော့ပျော့ပြောင်းပြောင်းမရှိ တောင့်တောင့်ကြီး ဖြစ်နေတာလေ..။။) ခြေသံပြင်းပြင်း နင်းတာ၊ စကားကို မလိုအပ်ပဲ အကျယ်ကြီးပြောတာ လုံးဝ မကြိုက်ပါဘူး။။ လိုရင်းမပြောပဲ ဗျစ်တောက်၊ ဗျစ်တောက်နဲ့ နားပူအောင်လုပ်တာ အားကြီးစိတ်ပျက်ပါတယ်။။။
အစားအသောက်...
သွားရေစာ စားလေ့မရှိပါဘူး။။ ကြိုက်လည်း မကြိုက်ပါ။။ ထမင်းနဲ့ဟင်း မစားလိုက်ရတဲ့ နေ့တွေမှာ ဗိုက်ဝတယ်လို့ ထင်ကိုမထင်တတ်ပါဘူး။။(ဘာစားစား ထမင်းမစားရပဲ စားပြီးပြီလို့ မထင်တတ်တဲ့ တောသားပါ။။) မြန်မာထမင်း၊ ဟင်းတွေ အရမ်း နှစ်သက်ပါတယ်။။ အငံ၊အစပ် မပါပဲလည်း ထမင်းစားလို့ မဝင်ပါဘူး။။ အကောင်း ကြိုက်ပေမယ့် ကိုယ်တိုင်ကတော့ အဖြစ်ရှိအောင် မချက်တတ်ပါဘူး။။ ကျွန်တော် အကျွမ်းကျင်ဆုံး ဟင်းမယ်ကတော့ လက်တစ်ကမ်းဟင်းပါ။။( လက်တစ်ကမ်း ရှိတာအကုန် ပစ်ထည့်လိုက်တာပဲ..ဟီးးး။။။) ဟင်းတွေထဲမှာ အနံ့ပြင်းတဲ့ အသားတို့၊ ကိုက်လိုက်ရင် ဇိခနဲ ဖြစ်သွားတတ်တဲ့ အသည်းတို့ ကျောက်ကပ်တို့လို ဟင်းတွေ စားဘူးဗျာ။။ ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီးတို့လို ခါးတဲ့ဟင်းတွေ ကြိုက်ပါသည်။။
ကော်ဖီဆိုခါးခါး၊ လ္ဘက်ရည်ဆို ကျစိမ့်(ကျကျလေး) ကြိုက်ပါ၏ ။။ စာကြည့်ရင် ရေနွေးကြမ်းလေး အမြဲသောက်ပါတယ်။။ လ္ဘက်ခြောက် ကောင်းကောင်းနဲ့ ရေနွေးကြမ်းတွေကိုလည်း စွဲလမ်းပါတယ်ဗျ။။
ဘာဆူညံသံမှ မရှိပဲ သီချင်းအေးအေးလေးနဲ့ မပျော့၊မပြင်းစပ်ထားတဲ့ ယမကာလေးတစ်ခွက် ကျွန်တော့်အတွက် (လက်ထဲက ခွက်မကုန်မချင်း) ဘာမှ မလိုအပ်တော့အောင်ကို နှစ်သက်ပါ၏။။ (သို့သော်.....)
ကမ္ဘာပေါ်မှာ အနှစ်သက်ဆုံးကို ပြောပါဆိုရင်တော့ မြန်မာအစားအစာများလို့ ဖြေပါမယ်။။။ (အကုန်ကြိုက်၏..:P:P)
အဝတ်အစား...
ဖရီးစတိုင်လ် ပေါ့ပေါ့ပါးပါး ဝတ်ရတာကို နှစ်သက်ပါတယ်။။ ပွဲတက်ဝတ်စုံတွေ ဝတ်ရတာကို စိတ်ကျဉ်းကျပ်လို့ အားကြီး စိတ်ညစ်တတ်ပါသည်။။ ဂျင်းဘောင်းဘီနဲ့ တီရှပ်တွေ တွဲဝတ်ရတာ နှစ်သက်ပါ၏။။ ဖိနပ်အဖြူရောင် လေးတွေကို ကြိုက်ပါ၏။။ ရှူးဖိနပ်မှာ လမ်းလျောက်ရင် ဒေါက်ဒေါက်မြည်အောင် ဖနောင့်နေရာမှာ သံခွာလေးတွေ ကပ်ရိုက်ပြီး စီးရတာ ကြိုက်ပါသည်။။ (ကလေးဆန်တယ်လို့ ပြောပြော..ကိုယ်ကြိုက်တာတော့ ကိုယ်ပြောမှာပဲ..ဟဲ။။) ခါးပတ် ဒီဇိုင်းလန်းလန်းလေးတွေ အရမ်းကြိုက်။။။
မြန်မာဝတ်စုံဆိုရင် ရှပ်လက်ရှည် အဖြူကွက်တွေနဲ့ ပုဆိုးအနက်ရောင်ပေါ် အနီ၊အဝါ၊အပြာ၊အစိမ်း ဖောက်ထားတာတွေ တွဲဝတ်ရတာ ခရေဇီဖြစ်ပါတယ်။။ အကွက်ကျဲတွေ ကြိုက်ပါဘူး..ကွက်စိတ်လေးတွေပဲ ဝတ်ပါ၏။။ ဖိနပ်ဆိုရင်တော့ ဆင်ခြောက်ကောင် မန္တလေးဖိနပ်ကို စီးပါတယ်။။ အောကတ္တီပါ အနက်ရောင်ကိုလည်း ကြိုက်ပါသည်။။ ပွဲတက်ဝတ်စုံ ဖြစ်တဲ့ ကိုတိုက်ပုံနဲ့ လည်ကတုံးကိုတော့ စိတ်ညစ်ပါ၏။။ (ကြယ်သီးအပြည့် တပ်ရလို့..သက်ရှူရတာ မဝဘူးလေနော..။)
အဝတ်အစားကတော့ စတိုင်လ်အရမ်း ဆန်းလွန်းတဲ့ အဝတ်တွေ ကြိုက်ပါဘူး။။ ရိုးရိုးလေးနဲ့ ကြည့်ကောင်းတဲ့ စတိုင်လ်ကိုပဲ ကြိုက်ပါ၏။။ ပြောင်လက်လက် အရောင်ရင့်ရင့်တွေ မကြိုက်ပါ။။
ကဲ...ပြောပြလို့တော့ ပြီးပြီဗျာ။။။ ကျေနပ်မယ်လည်း ထင်ပါရဲ့..:):)
ဘလော့လောကထဲက မောင်နှမတွေ အားလုံးကို အရမ်းခင်ပါတယ်။။ အားလုံးကို မိသားစုလိုပဲ သဘောထားပါတယ်ဗျ။။ ကျွန်တော်က နည်းနည်းပျင်းတတ်လို့ တစ်ခါတစ်လေ အကြာကြီး ပျောက်နေတတ်ပါတယ်။။ အဲဒီလိုမျိုး ကျွန်တော် လာမလည်ဖြစ်ခဲ့ရင်လည်း မေ့မထားကြပါနဲ့ ခင်ဗျာ။။ (ဟီးဟီး..ကိုယ်ပဲ ပျင်းမယ်..သူများကို မပျင်းခိုင်းဘူး။။) စိတ်မပါရင် ကိုက်နေတဲ့ ခြင်ကိုတောင် မရိုက်တတ်လို့ လာမလည်ဖြစ်ပေမယ့် စိတ်ထဲကတော့ တကယ်ကြီး သတိရနေတယ် ဆိုတာ အသက်နဲ့အာမခံပါတယ်။။(အသက်ရေ နင်တော့ နာပြီ..ဟီးဟီး။။) အလင်းသစ် အရမ်းပျော်တတ်ပါတယ်၊ စလည်း စတတ် ပါတယ်။။ ဒါကြောင့် ဒီပို့စ်ကို ဖတ်ပြီး သဘောမကျ၊ စိတ်နဲ့မမျှခဲ့တာ ရှိခဲ့ရင် ဒီနေရာကပဲ တောင်းပန်ပါကြောင်း သိစေလိုမှုနဲ့ မှတ်တမ်းပြုပါတယ်ခင်ဗျာ။။ (မလေးမစားပြုလိုသော စိတ်စိုးစိမျှ မရှိပါကြောင်း။။)
သူများတွေ တဂ်ထားလို့ လူလည်း ကုန်သလောက်ရှိပြီ။။။
စိတ်ကူးပေါက်တဲ့သူကို တဂ်ပါ့မယ်..ခုလောလောဆယ်တော့  အမတော် မေသိမ့်ကို တဂ်ပါတယ်ဗျာ။။။
(၁) မေသိမ့်သိမ့်ကျော်
လေးစားလျက်
အလင်းသစ်
14 comments:
  1. စိတ်ထဲရှိတဲ့အတိုင်း အမှန်တွေ ဆိုလို့ကျေးဇူးလဲတင်ပြီး
    ကျွန်မတော့ရေးနိုင်မယ်မထင်ပါဘူး
    ကျန်းမားရေးကြောင့် တစ်ကြောင်း
    ဒီကြားထဲ ကိစ္စများမြောင်တွေကြောင့် တစ်ကြောင်းပေါ့........
    ReplyDelete
  2. မှတ်ထားလိုက်ပြီ။ ...ဟာ မဖြစ်သေးပါဘူး စာအုပ်နဲ့ သေချာရေးပြိး မှတ်ထားမှ ...မဟုတ်လို့ မေ့သွားမှ ဒုက္ခ...:P :P
    ReplyDelete
  3. အဟမ်း....... ငါ့များ စောင်းပြောနေသလားပဲ..... ဒါနဲ့  အသားအရောင်လေးများ ရေးထားတဲ့ အထဲ မပါဘူးနော်.... :D
    ReplyDelete
  4. စုံစုံစေ့စေ့ပါပဲး)
    ReplyDelete
  5. စိုးစိမရှိဘူးဆိုတော့စိုးစံတော့ရှိတယ်
    ခေါ်ပေးရမလား
    ဟဲဟဲ..
    အကောင်းချည်းကြိုက်တတ်တယ်တော့..း)
    မဒိုးကန်တို့ပြောစရာတခုရပြီ..
    မဒိုးကန်
    ReplyDelete
  6. ဆွေလေးမွန်July 31, 2011 at 8:20 PM
    ဖတ်လိုက်တော့ သိသွားတာပေါ့လေ..ဒါနဲ့ စကားမစပ်..
    စိတ်မပါရင် ကိုက်နေတဲ့ ခြင်ကိုတောင် မရိုက်တတ်ဘူးဆိုတော့ လေ
    မျှော့ တွယ် နေရင်ရော စိတ်မပါရင် လှည့်တောင် မကြည့်ဘူးလားလို့ ..
    :D
    :) :) :)
    လည်လည်လာပြီး ကြိုက်တာ မကြိုက်တာတွေ ဖတ်သွားပြီ။
    ReplyDelete
  7. အာမခံနည်းကြိုက်လွန်းလို့ မှတ်သွားပါတယ်...နောက်တစ်ခါဆိုရင်တော့ ဦးဟန်ကြည်လည်း အသက်နဲ့ အာမခံတော့မယ်...အတူးက ပြောရဆိုရ ကြပ်လွန်းလို့ ရွာပြန်ပို့လိုက်ပြီလေ...ပို့(စ်)ဖတ်ရင်းက စိတ်ပိုင်းဆိုင်ရာတွေမှာ ကိုယ်နဲ့ခပ်ဆင်ဆင်တူနေတာတွေ့လို့ ကိုယ်လိုလူရှိပါသေးလားလို့ ကျေနပ်မိပါရဲ့ ( ဦးဟန်ကြည်တို့က ကဏန်းမျိုးတွေလေ သူများလို တည့်တည့်မသွားတတ်ဘူး...ကန့်လန့်ကြီးသွားတာ...)
    ReplyDelete
  8. နာ့ထက်မြင့်တဲ့သူနဲ့လာတွေ့နေပါလား..
    နာလိုဘူးဟာ..(နာရှုံးသွားလို့)
း(
    ReplyDelete
  9. ဒေါက်ဖိနပ်စီးပြီး မှီအောင်လိုက်မယ်ဆိုရင် စောင့်နေမယ်ဗျို့။။။
    ဟီးဟီး...ချော်လဲရင် ထူပေးရအောင်လေ။။။
    လာလည်ပေးကြတာ ကျေးဇူးပါဗျာ။။ ပျော်ပျော်နေသေခဲ၊
    မော်တော်နေ ရေထဲ၊ အိမ်မှာနေ အမေဆဲလို့ အလင်းသစ်
    အခု ဘလော့ထဲမှာ ကဲနေတာပါ။။ဟဲ...။။
    ReplyDelete
  10. ၅ ပေ ၁၁ တဲ့ မြင့်တာပေါ့။
    ကြိုက်၏ မကြိုက်၏ ပိုစ့်လေးတွေလိုက်ဖတ်ရင်း ပုံဖော်ကြည့်ရတာ ပျော်စရာကောင်းသား။
    ReplyDelete
  11. ကိုကိုမောင်(ပန်းရနံ့)August 2, 2011 at 4:36 AM
    အလစ်သင်းရဲ့ ကြိုက်ခြင်း မကြိုက်ခြင်းတွေကို တစ်ကျိုက်ချင်းစီ ရှိုက်သွင်းသွားလိုက်ပါ၏။ ကြားဖူးသည်မှာ ပါးချိုင့်ပါသောသူသည် အအိုမြန်၏ တဲ့။ မယုံမရှိနဲ့။ သူကြီးမင်းရဲ့ အဟံမုခကျမ်းက လာတာ။ ဟာ ဟ။
    အစုံအစေ့ပါဘဲ။ စမုံစေ့လေးတွေ ဖြူးထားသလို ထူးခြားပြီးဖတ်ကောင်းသွားရော။
    ခင်မင်လျက်
    ReplyDelete
  12. အလင်းသစ်ရဲ့ အကြောင်းသိကောင်းစရာလေးတွေ ဖတ်သွားပြီနော်။
    အခုတစ်လော တဂ်ပို့စ်လေးတွေ လိုက်ဖတ်ရတာ စိတ်ကြည်နူးမှုရတယ်။
    ဘလော့ဂ်ဂါအချင်းချင်းလည်း ရင်းနှီးမှုပိုရစေတဲ့ လမ်းကြောင်းလေးပဲနော်။
    စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  13. လက်သည်း၊ ခြေသည်း ရှည်တာကိုတော့ ဘယ်လိုမှ မကြိုက်ပါဘူး။။
    ဒါလည်း ကောင်းပါတယ် အစ်ကို (ညီလေးလည်း နည်းနည်း ရှည်တာနဲ့ ညှပ်ပီ)
    ဘီယာတော့ မကြိုက်ဘူး ။ အရက်တော့ ကြိုက်တယ်ဆို (လူလည်ကြီး ဘီယာက ဈေးနည်းတာကိုး
    ဈေးကြီးတဲ့ အရက်ကို ကြိုက်တာ) သေချာမှတ်သွားပါတယ် ခင်ဂျာ။
    ပျော်ရွှင်ပါစေ အစ်ကို
    လေးစားလျှက်
    ညီလေး
    နေဇော်လင်း
    ReplyDelete
  14. ခုမှ လာဖြစ်တာ တောင်းပန်ပါတယ်။ စိတ်ထဲမှာ ပုံစံလေးမှန်းကြည့်သွားတယ်။
း)
    ခင်တဲ့
    ReplyDelete
စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။