ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Tuesday, August 30, 2011

Kursk မြို့ဆီသို့ အလည်တစ်ခေါက်

>>>>>> ပြီးခဲ့တဲ့ တစ်ပတ်လောက်တုန်းက ကျွန်တော့် ဆရာမ (မြန်မာပြည်မှာ သူတို့ဘာသာ စကားကို လက်ဦးဆရာ အဖြစ် လာရောက် သင်ကြားပေးခဲ့တဲ့ ဆရာမ)က သူတို့မြို့ကို အလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။။ စရောက်တည်းက ကျောင်းပိတ်ရက်တိုင်း လာလည်ဖို့ ခေါ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးပြပြီး မသွားဖြစ်ခဲ့ဘူးလေ။။

ဒီနှစ်ကတော့ သူလာလည်စဉ်ကလည်း လာခဲ့ဖို့ အထပ်ထပ် ပြောသွားခဲ့ဖူးပြီး၊ အခုလည်း လာသာလာခဲ့ ထမင်းလည်း ချက်ကျွေးပါ့မယ်၊ ကြိုက်တတ်တဲ့ ဘီယာလည်း တိုက်ပါ့မယ်၊ အပြန်အတွက် ကားလက်မှတ်ပါ ဝယ်ပေးပါ့မယ် ဆိုတော့ကာ ကျွန်တော်ဘယ်သို့ ငြင်း၍ ရပါတော့မည်နည်း။။ သူငယ်ချင်းတစ်ယောက်နှင့် (၂)ယောက် လာခဲ့ပါမည်ဟု အာမဘန္တေ ခံလိုက်ရတော့သည်။။ ထို့ကြောင့် ကုန်ခဲ့သော တစ်ပတ်လုံး ကျွန်တော် ပျောက်နေခဲ့ခြင်း ဖြစ်ပါ၏။။ (အမတော် မဒိုးကန် ပြောသလို ကျွန်တော် ဂျီပုန်းနေခြင်း မဟုတ်ပါကြောင်း။။ ဟဲ..။။) အခုလည်း အမတော် မဒိုးကန်ကပဲ ကျွန်တော့်ကို ဗဟုသုတရအောင် ပို့စ်လေး တင်ပေးပါဆိုလို့ ကျွန်တော် ဒီပို့စ်လေး ရေးလိုက်မိတာပါ။။

ဆိုခဲ့ပြီးတဲ့အတိုင်း အလွန်ကို အကုန်အကျများမယ့် ကျွန်တော့်ရဲ့ အလည်အပတ် ခရီးအတွက် မသွားခင် (၂)ရက်အလိုမှာ ကားလက်မှတ် သွားစုံစမ်းခဲ့ပါတယ်။။ အလွန်ရေရာလှပါ၏။။ လက်မှတ်ဖြတ်ရန်မလို၊ ကားထိုးဆိုက်လာမှ ပတ်စ်ပို့ပြ ပိုက်ဆံပေး လိုက်သွားရုံပဲတဲ့။။ ဒါဆိုလည်းပြီးရောပေါ့ ဆိုပြီး အေးဆေးပဲ ပြန်လာခဲ့လိုက်ပါတယ်။။ သွားမယ့်နေ့ ညနေပိုင်းကျတော့ ကားက (၁၀)နာရီ ထွက်မှာဆိုပေမယ့် ကိုယ်ကစောသွားဖို့ လိုတယ်ဆိုပြီး ကွန်ပျူတာကို သံယောဇဉ် အတင်းဖြတ် ပိတ်ခဲ့ကာ (၇)နာရီ ခွဲကျော်တည်းက အဆောင်မှ စထွက်လာခဲ့ပါတယ်။။ မြေအောက်ရထားကို (၂)ဘူတာစီးပြီး ကားစောင့်ရမယ့် နေရာ မှာညနေ (၈)နာရီလောက် ကတည်းက အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လိုက် ၊ ပတ်သွားလိုက်နှင့် လူတွေ့တိုင်း ကားဘယ်မှာ ရပ်မည်ကို မေးကြည့်ခဲ့သည်။။

(၂)နာရီနီးပါး ခေါက်တုန့်၊ခေါက်ပြန် ကားကို ပတ်ပြီး ရှာခဲ့တဲ့ ဘူတာရုံကြီး



မည်သို့ပင် မေးသော်လည်း တစ်ယောက်ကမျှ သိသည်ဟုမဖြေခဲ့ကြ။။ ကိုယ်ပြောတာကို နားများမလည်လို့ များလားတွေးကာ စာဖြင့်ရေးပြ၏။။ ဒီနားတစ်ဝိုက်မှာ ထိုကားဂိတ်မရှိဟုသာ အဖြေထွက်သည်။။ တစ်ခုခုတော့ မှားနေပြီဟုတွေးရင်း ဖုန်းဆက်ကာ လှမ်းမေးတော့ လမ်းညွှန်သည့် ဘသားချောက အလွန်ပင် သေချာလှ၏။။ သူလွန်ခဲ့သော တစ်နှစ်က အဲဒီနေရာမှာ စီးခဲ့သည်တဲ့။။ သေလိုက်ပါတော့ ဟုသာ အော်နိုင်တော့သည်။။ ထို့ကြောင့် ကိုယ့်အားကိုယ်ကိုးရင်း ကားဂိတ်ကို ပတ်ရှာကြရတော့၏။။ ရထားလက်မှတ် ဈေးကြီးသဖြင့် ကားစီးရန် ဆုံးဖြတ်ခဲ့တာ မှားပြီဟု တတွတ်တွတ် ရွတ်ရင်း ကားကိုသာ အာရုံစိုက်ရှာ ခဲ့ကြသည်။။ တွေ့မယ့်တွေ့တော့ ကားက ရထားဘူတာရဲ့ ရှေ့တည့်တည့်မှာ ထွက်ကာနီး စက်ပင်နှိုးနေချေပြီ။။ နီးလွန်းလို့ မမြင်လိုက်သည့် အဖြစ်။။ ဘယ်သွားတဲ့ ကားပါဆိုတဲ့ ဆိုင်းဘုတ်လေးကို သဘက်နှင့် အုပ်ထားသည့် ယာဉ်မောင်းသမားကို စိတ်ထဲမှာ ကျိန်ဆဲရင်း၊ နောက်ကျသူ နောက်ချေးနှင့်သဲ ဆိုတာလို နောက်ဆုံးတန်း (၅)ယောက်ခုံမှာ (၂)ယောက်သား ခွေခေါက်လိုက်ပါသွား ခဲ့ကြတော့၏။။ ကားစထွက်တော့ ညနေ (၉)နာရီခွဲ။။ ကံကောင်းလို့ ပါလားနော်။။

မနက်အစောကြီး (၅)နာရီ ကျော်ကျော်လေးမှာ ကားကဂိတ်ထိုးလေပြီ။။ ဒုက္ခက ရောက်ပြန်လေပြီတည်း။။ မြို့နှစ်မြို့ ရာသီဥတုကမတူ။။ အေးလိုက်သည့် ဖြစ်ချင်း။။ ဒူးလေးတုန်တုန်နှင့် ဆရာမဆီ ဖုန်းဆက်လိုက်တော့ သူလာကြိုမယ်ပြော၏။။ သူလာတာ စောင့်မနေတော့ဘူး ကိုယ့်ဘာသာ သွားမယ်ကွာဟု ဆုံးဖြတ်ကာ ဆရာမဆီ ဖုန်းထပ်ဆက်ပြီး လိပ်စာမေး၍ တက္ကစီသမားကို သွားပြောတော့ နယ်စပ်မြို့မို့ လေယူလေသိမ်းက မတူ။။ ဘယ်လိုပြောပြော နားမလည်ကြ။။ စာရေးပြဖို့ကျ ဆရာမရဲ့ လိပ်စာကို ဘယ်လိုစာလုံးပေါင်း ရမည်ကို မသိ။။ ဖုန်းထပ်ဆက်ကွာ ဟုဆိုကာ ဖုန်းခေါ်တော့ မြို့တွင်းသီးသန့် ဖုန်းကဒ်က တခြားမြို့ကို ရောက်နေသဖြင့် ပိုက်ဆံဖြတ်နှုန်းက ကြောက်ခမန်းမို့ ဆက်၍မရတော့။။ သို့နှင့် ကျွန်တော့်ဖုန်းဖြင့် Call me,pls. ဟုမက်ဆေ့ခ်ျလေး ပို့လိုက်သည်။။ ဆရာမက ချက်ချင်းဖုန်းခေါ်တော့ တက္ကစီသမားကို တိုက်ရိုက်ဖုန်းပြော ခိုင်းပြီး ဆရာမတိုက်ခန်းသို့ ရောက်ခဲ့၏။။ အဝင်ကောကိုပါ ပိုက်ဆံဖြတ်သဖြင့် ပိုက်ဆံ လုံးဝကို မရှိတော့သော ဖုန်းတွေက သီချင်းနားထောင်ဖို့က လွဲပြီး ဘာမှသုံးမရတော့။။ ဆိုးလှပါလားနော်။။။

ဆရာမတိုက်ခန်းသို့ အရောက်မှာတော့ မင်္ဂလာပါဟူသော စကားကလွဲပြီး ဘာမှပြောချင်စိတ် မရှိတော့။။ ထိုးအိပ်ပစ်လိုက်တာ နေ့လည်(၁)နာရီထိုးမှ နိုးတော့၏။။ အိပ်ယာနိုး ရေမိုးချိုးဖို့ ပြင်တော့ ဆောင်းရာသီ နီးလာပြီမို့ ရေပူပိုက်လိုင်းတွေ ပြင်နေခိုက်နှင့် ကြုံနေသည်တဲ့။။ သေပါဘီဗျာ။။ ကားပေါ်မှာ ခွေခေါက် လိုက်ပါလာတာမို့ အနံ့တွေက ထွက်ရင်ထွက်နေမှာလေ။။ မချိုးလို့မှ မဖြစ်တော့လည်း ဘုရားအကြိမ်ကြိမ်တရင်း ရေခဲရေလို ရေတွေကို အံကြိတ်ပြီး ချိုးပစ်လိုက်ရတော့၏။။ ခုထိကို အဆင်မပြေသေးပါလားနော်။။။


(၃)ရက်ကျော် ကွန်းခိုခဲ့ရာ အခန်းလေး

ရေကို နောက်ကနေ ကျားလိုက်သလို အမြန်ချိုးရင်း ဆပ်ပြာရည်တွေ ကုန်အောင် ရေလောင်းလိုက်ချိန်မှာ တစ်စုံတစ်ခုကို သတိရသွားပြီး ကြက်သီးတွေထ၊ ဆံပင်တွေပါ ထောင်သွား၏။။ ကျောပိုးအိတ်က လေးသည်ဟု ဆိုကာ ချန်ထားခဲ့သော အရာတွေထဲမှာ ပုဆိုးနဲ့ သဘက်ပါ ပါသွားတာ ပြန်မြင်လိုက်လို့လေ။။ အေးစိမ့်နေသော ရာသီဥတုနှင့် တံခါးပိတ်ထားသော ရေချိုးခန်းထဲက ရေပူလုံးဝ မလာသော ရေချိုးဇလားကြီးထဲ ရေအေးတွေ လောင်းချိုးထားတဲ့ ကျွန်တော် ထိုင်လိုက်၊ ထလိုက်နဲ့ ရေခြောက်တဲ့ထိ အားတင်း စောင့်ခဲ့ရတော့၏။။ (ဆရာမက တစ်ကိုယ်တည်း အပျိုကြီးမို့ သူ့တဘက်တွေကိုလည်း ငှားမသုံးချင်ဘူးလေ။။) ထိုစဉ်ကတော့ ခေါင်းပေါ်က ဆံပင်တွေကို တော်တော် စိတ်တို၏။။ ခေါင်းခါလိုက်တိုင်း ချမ်းလိုက်တာ လူကို ဂတ်ဂတ်မြည်သည်ထိ။။ ထိုမျှထိ ပျော်ဖို့ကောင်းသော ကျွန်တော်၏ အလည်အပတ် ခရီးဖြစ်တော့သကိုး။။။

ရေမိုးချိုးပြီးတော့ ဆရာမနှင့်အတူ နေ့လည်စာ စားသောက်ပြီး (ဝိုင်တစ်လုံးပါ ပါတာမို့ သောက်တာပါ ထည့်ရခြင်းဖြစ်၏။။ :P:P:P) ကျွန်တော်တို့ရဲ့ အလည်အပတ် ခရီးစဉ် စတင်ခဲ့ပါတော့သည်။။

Ukraineနယ်စပ်နှင့် ပိုနီးသော Kursk မြို့လေးက အရမ်းကြီး မကြီးလှသလို၊ လူတွေကလည်း ဖော်ရွေ၊ပျူငှာကြပါ၏။။ အမှတ်တရအဖြစ် ကြည့်ရှုစရာတွေလည်း မနည်းလှ။။ ဈေးနှုန်းသင့်တင့်သော Supermarket၊ Minimarket များကလည်း ဘယ်နေရာကြည့်ကြည့် ရှိနေတာမို့ နေပျော်သော မြို့လေးတစ်မြို့ ဖြစ်သည်။။ လည်ပတ်ရင်း ရိုက်ယူခဲ့တဲ့ ပုံတွေက များတဲ့အတွက် ကျွန်တော့်ဘာသာပဲ ရွေးထုတ်ပြီး တင်ပြလိုက်ပါပြီဗျာ။။။

(၁) Kursk မြို့ရဲ့ အကြီးဆုံး ဘုရားရှိခိုးကျောင်းကြီး



(၂) Kursk မြို့ မြို့နယ်အုပ်ချုပ်ရေးရုံးကြီးနှင့် လီနင်ရုပ်တု



(၃) Kursk မြို့ရဲ့ ရာဇဝင်ထဲက သူရဲကောင်း အလက်ဇန္ဒားညက်စကီးရုပ်တု




(၄) Kursk မြို့လယ် တစ်နေရာ (နွေရာသီ ကော်ဖီဆိုင်)



(၅) Kursk မြို့မှ အမှတ်တရ နေရာအချို့




(၆) Kursk မြို့လယ်မှ ကုန်တိုက်ကြီးတစ်ခုအတွင်း




အဲဒီကုန်တိုက်ကြီး အတွင်းက ရုပ်ရှင်ရုံမှာ 7D ဖြင့်(၁၅)မိနစ် ဇာတ်လမ်းတစ်ခုကို ရူဘယ်လ်(၂၅၀) ဖြင့်ကြည့်ရှုနိုင်ပါသည်။။ :D:D ။။ ပြီးတော့ 3D ရုပ်ရှင် Conan,The Barbarian ဇာတ်လမ်းကို ကြည့်ခဲ့ပါ၏။။ :D:D

(၇) Southwestern State University


ယခင်က Kursk state technological university (KSTU) ဟုအမည်တွင်ခဲ့ပြီး မြန်မာကျောင်းသားများ ပညာဆည်းပူးခဲ့ကြသည့် ကျောင်းကြီးဖြစ်ပါသည်။။

လျောက်လည်ပတ်နေတုန်း ထူးထူးခြားခြား မြင်ကွင်းလေးတစ်ခု တွေ့လို့ မနေနိုင်မထိုင်နိုင် ဓာတ်ပုံရိုက်ခဲ့ပါသေးသည်။။။ ဘာလဲတော့ သေချာမသိပေမယ့် အိန္ဒိယရိုးရာ Krishna နတ်ဘုရားကို ယုံကြည်ကိုးကွယ်သူများ ဖြစ်မည်ထင်ပါ၏။။ အသံမြိုင်မြိုင် သီဆိုပူဇော် နေကြသလို၊ ဆာရီခြုံကာ ကနေကြသော ရုရှားမလေးများက အမြင်မှာတော့ တစ်မျိုးဆန်းနေ သလိုလို။။ သူတို့ ဘာဆိုနေပါလိမ့်ဟု သေချာနားထောင် ကြည့်၏။။ မသိ။။ ဆရာမကို ကပ်မေးတော့မှ သီဆိုနေသည့် အဆိုရှင်ရဲ့ဘေးမှာ ထောင်ထားသော ဆိုင်းဘုတ်မှ စာသားများကို သီဆိုနေခြင်းတဲ့။။ အဲဒီတော့မှ သတိထားမိပြီး ဖတ်ကြည့် လိုက်တော့ သီချင်းက စာသား(၃)လုံးတည်းရယ်...:D:D။။



သူတို့ သီဆိုပူဇော်နေသော သီချင်းလေးက
"ဟာရေး.. ကရိစ်ရှ်နား
ဟာရေး..ကရိစ်ရှ်နား
ကရိစ်ရှ်နား...ကရိစ်ရှ်နား
ဟာရေး...ဟာရေး
ဟာရေး...ရာမာ
ဟာရေး...ရာမာ
ရာမာ...ရာမာ
ဟာရေး...ဟာရေး" တဲ့။။။

ကျွန်တော်ဖြင့် အဲဒီနားမှာ ရပ်ကြည့်ရင်း အလွတ်ကိုရသွားရော။။ တစ်နေ့လုံး သတိရတိုင်း အော်နေလို့ ဆရာမကတောင် တားယူရတဲ့ထိလေ..:D:D:D။။။

(၃)ရက်တိတိ မနက်စာစားပြီးတာနဲ့ တိုက်ခန်းကနေထွက် လျောက်လည်ပတ်ပြီး နေ့လည်စာ ဖိတ်ကာ ကျွေးမွေးသည့် ဆရာမများ အိမ်မှာ နေ့လည်စာ သွားစားကြသည်။။ Kursk မြို့မှာက ကျွန်တော်တို့ ဆရာမအပြင် မြန်မာနိုင်ငံမှာ လာပြီး ဘာသာစကား သင်ပေးခဲ့သည့် ဆရာမ နောက်ထပ် (၄)ယောက် ရှိနေသေးတာမို့ အစားအသောက် အတွက်ကလည်း ပူဖွယ်မရှိ။။ ဆိုးသည်က သူတို့စားသလို ကိုယ်က မစားတတ်ခြင်း။။ သူတို့စားသော အစားအစာက မြန်မာလူမျိုး ကျွန်တော်တို့ စားသော အစားအစာနှင့် အရသာခြင်းက လားလားမှမတူ။။ မြန်မာအစားအစာကိုသာ နှစ်သက်သော ကျွန်တော့်အတွက် အာသိပ်မကပ်၊ ခံတွင်းမတွေ့လှ။။ သို့ပေသိ သူတို့ယဉ်ကျေးမှုက တပင်တပန်း ချက်ပြုတ်၊ပြင်ဆင်ထားသမျှ အားရပါးရ ကုန်သွားသည်ထိ၊ စားပြမှသာ ကျေနပ်၊ပြုံးပျော်တတ်သည်မို့ အားနာပါးနာနဲ့ ခေါင်းကြီးငုံ့လွေးတာ.. အောင်မယ်.. ပြင်ပေးသမျှ ပန်းကန်တွေ ကုန်ရောပဲဗျ..:D:D..။။။ စားသောက်ပြီး ထပ်မံလည်ပတ်ကာ ည (၁၁)နာရီခွဲလောက် ဆိုရင်တော့ ကွန်းခိုရာ တိုက်ခန်းဆီ ပြန်ရောက် လာခဲ့ကြ၏။။။

ဒုတိယနေ့ညနေမှာ ကျွန်တော်တို့ ရောက်နေမှန်းသိလို့ Kursk မြို့မှာ နည်းနည်းလေး ရှိတော့တဲ့ မြန်မာသူငယ်ချင်းများက မုန့်ဟင်းခါး ချက်ကျွေးပါတယ်။။ ညဘက်အိပ်ရင် တိုက်ခန်းမှာ တစ်ယောက်တည်းနေတဲ့ ဆရာမအပျိုကြီးက ကျွန်တော်တို့ကို အားနာလို့နဲ့ တူပါရဲ့ သူ့တိုက်ခန်းကို ကျွန်တော်တို့ကို အပ်ပြီး သူ့သူငယ်ချင်းဆီ သွားအိပ်ပေးရှာ၏။။ ကျွန်တော်တို့က အရှက်ကြီးတဲ့ လူပျိုလေးတွေဆိုတော့လေ။။(ဟဲ..ကြော်ညာဝင်တာ။။) ဘာပဲပြောပြော ဆရာမဆီမှ မြန်မာ့နာမည်ကြီး LONDON စီးကရက် သောက်ရ၏။။ (သူ့ကို အမှတ်တရ ပေးထားတာကို မသောက်ရက်ပဲ သိမ်းထားလို့ ဒီချိန်ထိ ရှိနေတာလေ။။) သူ့ဆီမှာ သောက်ရုံမက အပြန်ကျတော့ ထပ်တောင်းလာသေး၏။။(ရှားပါးတာကိုးဗျ..နော။။) ညညတွေ အိပ်မရတိုင်း မီးဖိုခန်းထဲဝင်ပြီး ဟိုရှာ၊ဒီရှာ ရှာတတ်တဲ့ ကျွန်တော်တို့အတွက် အလိုက်သိစွာ ရေခဲသေတ္တာထဲ ထည့်ပေးခဲ့သော ကြက်ကင်နှင့် ဝိုင်ပုလင်းက ဆရာမရဲ့ စေတနာများ။။

(၃)ရက်မြောက် ညမှာတော့ ဆရာမကို အားနာလို့ ဆရာမဝယ်ပေးတဲ့ ကားလက်မှတ်နဲ့ပဲ ပြန်ချလာခဲ့ပါ၏။။ ဒါတောင် ခရီးသွားရင် အဆင်မပြေပုံများက အပြန်ခရီးထိ လိုက်လာသေးသည်။။ (၁၀)နာရီထွက်မည့် ကားပေါ်တက် ကိုယ့်နေရာ ကိုယ်ထိုင်နေစဉ် မိသားစု(၄) ယောက်တက်လာပြီး သူတို့နေရာမို့ ဖယ်ပေးပါတဲ့။။ သေဘီဆရာ။။ လက်မှတ်တွေ ဖတ်ကြည့်တော့ သူတို့လက်မှတ်က 17,18,19,20 လေးနေရာ၊ ကျွန်တော်တို့ကလည်း 17 နှင့် 18 ။။ ဒါနဲ့ ကားသမားကို သွားပြောကြ၏။။ ဘွားတော်က ပတွတ်၊ပတွတ်နှင့် ပြောနေလိုက်တာ နားထောင်နေရင်းကို နားမလည်။။။ ကားသမားက သူရှင်းပေးပါ့မယ်ဆိုကာ ကားပေါ်တက်ပြီး လက်မှတ်တွေ စစ်ကြည့်ဖို့ပြောတော့မှ (၁၀)နာရီ (၅)မိနစ်ကားနဲ့ မှားပြီးတက်လာသော သူတွေ ကားပြောင်းသွား၏။။ ကျွန်တော်တို့လည်း 17,18 ရဲ့ရှေ့မှ 13 နှင့် 14 တွင်နေရာရသည်။။ တစ်ညလုံး ခွေခေါက်လိုက်ပါလာပြီး မနက်(၇)နာရီ မတ်တင်းမှာတော့ ဌာနေ Moscow မြို့သို့ ပြန်ရောက်ခဲ့ပါတော့၏။။။။။။။။



(ဖတ်ပြီး ကျေနပ်သည်ရှိသော် ကျွန်တော့်ကို အားပေးကြပါ၊ မနှစ်သက်သည် ရှိသော် ကျွန်တော့်ကို ရေးဖို့တိုက်တွန်းတဲ့ အမတော် မဒိုးကန်ကို အပြစ်တင်ကြပါလို့...:D:D:D။။ ကလေးဆန်တယ် ပြောလဲ မဒိုးကန်နဲ့စာရင်တော့ ကိုယ်က ကလေးပဲလေ..ဟေးဟေး။။)

လေးစားလျက်
အလင်းသစ်

15 comments:

  1. သူတို့တွေများ သွားပဲ သွားနိုင်လွန်း..ဟွန့်..မနာလိုဘူး..:(
    နောက်တစ်ခါသွားရင် ခေါ်ပါ..
    မခေါ်လို့ကတော့.....ငိုနေမှာနော်..:p:p

    ReplyDelete
  2. နောက်ထပ် ခရီးသွားပို့ စ်လေးတွေ တင်ပါဦးဗျို့ 

    ReplyDelete
  3. ဟားဟားဟား . . . ရေးထားတာလေးက ပျော်စရာကြီးဗျာ။
    ကျနော်ကတော့ အပြင်ထွက်ခဲတယ်။ ဘာမှမဟုတ်ဘူး ပျင်းလို့ပါပဲ။
    အခုနောက်ပိုင်းတော့ သွားဖြစ် လာဖြစ် တွေ့ဖြစ်ပါတယ်။

    ReplyDelete
  4. ဘာာာာာာာာာာာာာာာာာာာာာ

    ခုပြန်လာမှတွေ့တယ်
    ကောင်းတယ်
    နင်တောင့်မသွားတာ ..ဟဲဟဲ..

    မပြောလား
    ဒါလေးတွေကဘာနဲ့လဲမရပါဘူးဆို
    ဘယ်လောက်ဗဟုသုတရလဲ
    တို့တစ်တွေပါ မရောက်ဖူးတဲ့နေရာတွေရောက်ရတယ်
    ကျေးဇူးပဲ ငါ့မောင်အဟောင်းလေးရေ အဲ (အသစ်ကလေးရေ .း)

    ပျော်ရွှင်ပါစေ
    အမ
    မဒိုးကန်

    ReplyDelete
  5. ဦးဦးအလင်းသစ်ရေ ဟိဟိ သရီးဒီကြီးကြည့်ချင်တယ် ရှူခင်းတွေလှတယ်မရောက်ဖူးတဲ့ မြို့လေးကိုအလည်ရောက်သွားသလိုပါပဲ ကျေးဇူးအထူးပါ ဦးဦးး)

    ReplyDelete
  6. ကိုကျော်ကြီးAugust 31, 2011 at 2:11 PM

    ကိုအလင်းသစ်ရေ ခရီးသွားပို့စ်လေးကို အားပေးသွားပါတယ်ဗျာ။ နောက်လည်းအခုလို ခရီးသွား ပို့စ်လေးတွေ ရေးပါဦး။ ကျွန်တော်တို့လည်း ဗဟုသုတရတာပေါ့ဗျာ။

    ReplyDelete
  7. ဗဟုသုတရဖွယ်စာလေးတွေပုံလေးတွေကိုအားပေးသွားပါတယ်ဗျာ
    ကိုင်ပေါက်လိုက်ပြန်ကောက်လိုက်မလုပ်ကြပါနဲ့ ......။

    ReplyDelete
  8. အရှက်ကြီးတဲ့ ကိုလူပျိုရေ...
    ရှာရဖွေရနဲ့ တော်တော်ပင်ပန်းသွားမှာဘဲနော်။ ကားကို ပြောတာနော်။ ဟဲ.. စတာ ကျွန်တော်လဲ အဲဒီလို ရှာလို့ ဖွေလို့ မတွေ့ ရင် အရမ်းစိတ်ဆိုးစိတ်ပျက်ပြီး စိတ်မောလူမော ဖြစ်တတ်တယ်။
    စာတွေ သေချာဖတ်လို့ ပုံတွေကိုလဲ သေချာ ဖတ်သွားတယ်နော်...

    ReplyDelete
  9. တစ်ခုပဲဗျာ...ဆရာမနဲ့တပည့်ကျော်ကြီးတွေရဲ့ပုံမမြင်ရတာပဲ..။အဲဒါလေးတွေသာပါလိုက်ရင်....:D

    ReplyDelete
  10. ကြုံမှ ကြုံတတ်ပလေ။ ရှာမှရှားပါပဲ။ ရေချိုးခန်းထဲ ဘယ်လောက် ဂိုက်ဂိုက်တုန်နေမလဲ မြင်ကြည့်တယ်။ တကယ့်ကို အမှတ်တရခရီးဖြစ်သွားမှာပဲ။း)

    ခင်တဲ့

    ReplyDelete
  11. ထူးအိမ်သင်ရဲ့ တစ်နေ့စာ အလွဲများတော့မဟုတ်ဘူး . . . အလင်းသစ်ရဲ့ သုံးရက်စာ အလွဲများပေါ့း)

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    ReplyDelete
  12. အလင်းသစ်ရေးဖို့ တစ်ခုကျန်သွားတယ်... သွားခါနီးသူငယ်ချင်းဆီကပိုက်ဆံချီးသွားရတာကိုထည့်မရေးဘူး... လူလည်... :D

    ReplyDelete
  13. Its Nice Job :D Welcome from Kursk :DDDD

    ReplyDelete
  14. ကောင်းပါတယ်။ဗဟုသုတလည်းရပါတယ်။

    ReplyDelete
  15. မှတ်မှတ်ရရ ခရီးစဉ်တစ်ခုဖြစ်ခဲ့မှာပဲနော် :D :D :D

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။