ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, February 10, 2012

ဖိုးကျော်




သူ့နာမည်က ကျော်ကျော်။။ အားလုံးကတော့ ဖိုးကျော်ဟုသာ နှုတ်ကျိုးနေပြီမို့ ဖိုးကျော်ဟု အမည်တွင်နေပြီဖြစ်သည်။။ သူမွေးဖွားကြီးပြင်းခဲ့ရာ အရပ်ဒေသက မြို့ပြနှင့် အတန်ငယ် အလှမ်းဝေးသော ကျေးရွာလေးတစ်ခုမှာ ဖြစ်၏။။ မိဘများကလည်း တောသူတောင်သား လယ်သမား မိသားစုများ ဖြစ်ကြသဖြင့် သူ့အသက် (၃)နှစ်လောက်ကတည်းက ဆွမ်းတစ်အုပ်နှင့် ရွာဦးကျောင်းမှာ အပ်ခဲ့ကြသည်။။ ထို့ကြောင့် သူသည် လက်ဦးဆရာ ရွာဦးကျောင်း ဆရာတော်၏ အဆုံးအမများဖြင့် ကြီးပြင်းလာခဲ့ရပြီး မူလတန်းကျောင်း မရောက်မီကပင် သင်ပုန်းကြီးကျေ ခဲ့လေ၏။။ ကျောင်းတက်ရမည့် အရွယ်ရောက်တော့ ရွာမှမူလတန်းကျောင်းမှာပင် စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။။



မြို့ပြနှင့် အတန်ငယ် အလှမ်းဝေးစေကာမူ ဖိုးကျော်တို့ရွာမှ မူလတန်းကျောင်းက စည်းစနစ်ကောင်းပြီး၊ ဆရာ၊ဆရာမ အင်အား လုံလောက်သည်ဟု ဆိုရမည်ဖြစ်သည်။။ ကျောင်းအုပ် ဆရာကြီး အပါအဝင် ဆရာ၊ဆရာမ (၁၂)ယောက်ဖြင့် မြိုင်မြိုင် ဆိုင်ဆိုင် စေတနာပြည့်ဝစွာ သင်ကြားပေး ခဲ့ကြ၏။။ ကျောင်း၏အစဉ်အလာ တစ်ခုမှာ မနက်ကျောင်းမတက်မီ နိုင်ငံတော်အလံကို အလေးပြုကာ နိုင်ငံတော်သီချင်း သီဆိုကြရသည်၊။၊ ထို့နောက် မြန်မာသူရဲကောင်း သီချင်းကို သံပြိုင်သီဆိုပြီးမှ စာသင်ခန်းတွင်း ဝင်ကြရ၏။။ ညနေကျောင်းဆင်းချိန်တွင်လည်း အတန်းအားလုံး ကျောင်းဆင်းခေါင်းလောင်းသံ ကြားသည်နှင့် မြန်မာသူရဲကောင်း သီချင်းကို သံပြိုင်သီဆိုပြီးမှ ကျောင်းဆင်းကြရလေသည်။။ ထို့ကြောင့် ဖိုးကျော်၏ ရင်ထဲတွင် ဘုရင့်နောင်၊ အလောင်းဘုရား၊ မင်းရဲကျော်စွာတို့ကို အားကျသကဲ့သို့ ဗိုလ်အောင်ဆန်းလို သူရဲကောင်းကြီး တစ်ယောက်လည်း ဖြစ်ချင်ခဲ့ရသည်။။


ဖိုးကျော်သည် ရွာဦးကျောင်းဆရာတော်၏ မျက်နှာသာပေး ခံရသော တပည့်ရင်း ဖြစ်သဖြင့် အတန်းကျောင်း ပိတ်ချိန်တိုင်းမှာလည်း ရွာဦးကျောင်းတွင်သာ အချိန်ကုန်ခဲ့ရသည်။။ မနက်ပိုင်း ဆွမ်းခံလိုက်ပြီး အပြန်တွင် ကိုရင်များနှင့်အတူ စာတက်၊စာကျက်၊ စာအံလုပ်ရသည်။။ ထို့ကြောင့် ဖိုးကျော်တစ်ယောက် ဘုရားရှိခိုး အမျိုးမျိုး၊ ဂုဏ်တော်များ၏ အနက်အဓိပ္ပါယ်များ၊ ပရိတ်ကြီး(၁၁)သုတ် စသည်တို့ကို အာဂုံဆောင်နိုင်ခဲ့၏။။ ထို့ပြင် ရွာဦးကျောင်းမှ ကပ္ပိယကြီးနှင့် လက်ပွန်းတတီး နေရသဖြင့် မြန်မာ့သမိုင်း အစရှိသည့် ရှေးဖြစ်ကြောင်း များကိုလည်း သိခွင့်ရခဲ့သည်။။


ကပ္ပိယကြီး ရေးစပ်သော မှတ်ရလွယ်သည့် ကဗျာချိုး၊ စာချိုးများကိုလည်း ဖိုးကျော်တစ်ယောက် နှစ်သက်စွာ ကျက်မှတ်လေ့လာခဲ့ရ၏။။ "သူ့မင်း၊ငါ့မင်း အပြိုင်ချဉ်းလို့ စိတ်ဝမ်းအလီလီကွဲကြတယ်၊ တပါးမင်းက မခန့်ညားပဲ စစ်ပွဲများစွာဖြစ်ရတယ်" "မြင်းကွန်း၊ခုံတိုင် ညီနောင်နှစ်ပါးကြောင့်၊ ကနောင်ကိုယ်တော် လားရတယ်၊ ကနောင်မလားရင် မြန်မာ့ဓားက ဒိထက်ပိုပြီး ထက်လိမ့်မယ်" "ပါတော်မူကာ လူဖြစ်ရှုံးလို့၊ ကျွန်သဘောက်လုံးလုံး ဖြစ်ရတယ်" "မြင်းကြီးပေါ်က ဗိုလ်အောင်ဆန်းက၊ အောင်ပန်းယူလို့ပေးခဲ့တယ်" စသည်ဖြင့် စာချိုးပေါင်းများစွာသည်လည်း ဖိုးကျော်၏ အသိစိတ်ဓာတ်ကို မီးထိုးပေး ရာများ ဖြစ်ခဲ့ကြသည်။။။ မြင်းကြီးစီးထားသည့် ဗိုလ်အောင်ဆန်းသည်ကား ဖိုးကျော်၏ အနာဂတ်အိပ်မက်များအတွက် စံပြုပုဂ္ဂိုလ်တစ်ပါး ဖြစ်ခဲ့တော့၏။။


ဖိုးကျော် ရွာမူလတန်းကျောင်းမှ စတုတ္ထတန်း အောင်ပြီးနောက် အထက်တန်းကျောင်းသို့ ပြောင်း၍ တက်ရောက်ခဲ့ရသည်။။ အတန်းများ တစ်တန်းပြီးတစ်တန်း တက်လာသော်လည်း စာစီစာကုံးစသည်ဖြင့် ရေးတိုင်းတွင် ဖိုးကျော်၏ အဓိကစံပြု ပုဂ္ဂိုလ်သည် မြင်းကြီးပေါ်မှ ဗိုလ်အောင်ဆန်း သာဖြစ်ခဲ့၏။။ ဖိုးကျော်၏ စာကြည့်စားပွဲ မျက်နှာချင်းဆိုင်တွင် ဗိုလ်ချုပ်မြင်းစီးရုပ်နှင့် မြန်မာသူရဲကောင်းသီချင်းပါသော ဖတ်စာစာအုပ်မှ နောက်ဆုံးစာရွက်ကို တိတ်နှင့်သေချာ ကပ်ထား၏။။ တခုတ်တရဖြစ်တိုင်း ဖိုးကျော်ညည်းဆိုသော သီချင်းသည် ၄င်းမြန်မာသူရဲကောင်း သီချင်းပင်ဖြစ်လေသည်။။


ဖိုးကျော်တို့ ငယ်စဉ်တုန်းက ဘုရားပွဲများတွင် လူအင်မတန်စည်ကား၏။။ ထိုသို့များပြားလှသော လူအုပ်ကြီးကို တပ်ရဲဝတ်စုံဝတ် စစ်သားကြီး (၅)ဦးက ဝါးခြမ်းပြားလေးကိုင်ကာ ထိန်းနိုင်ခဲ့သည်။။ မည်မျှမူးနေသည့် အမူးသမားပင်ဖြစ်စေ "ဟေ့ကောင် .. မူးနေရင် ပြန်အိပ်တော့" ဟုပြောလိုက်သည်နှင့် တကယ်ပင် ပြန်အိပ်ကြသည်။။ အင်မတန် သြဇာရှိ၍၊ လူကြည်ညိုခံရသော စစ်သားကြီးများကို ဖိုးကျော် အလွန်အားကျခဲ့၏။။ ထို့ကြောင့် ကြီးလာရင် စစ်သားကြီးလုပ်မည်ဟု ရည်မှန်းချက်ထားခဲ့သည်။။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်တာဝန်ကို အသက်ပေး ထမ်းရွက်ရန် ဖိုးကျော်၏ စိတ်ဓာတ်တို့ အလွန်ပင် ထက်သန်ခဲ့လေ၏။။


သို့ဖြင့် ဖိုးကျော်တစ်ယောက် အထက်တန်းကျောင်းသား ဖြစ်လာသည်။။ ငယ်စဉ်ကတည်းက စာဖတ်နာခဲ့သဖြင့် အသိအမြင် ဗဟုသုတ ကြွယ်ဝခဲ့ပြီး၊ ရင်ထဲတွင် တိုင်းချစ်၊ ပြည်ချစ်စိတ်တို့ အခြေတည်ခဲ့သော ဖိုးကျော်၏ စိတ်ဓာတ်ကို မီးထပ်ထိုးသော အဖြစ်အပျက်တို့ သူအထက်တန်း ကျောင်းသားဘဝတွင် ဖြစ်ပေါ်ခဲ့လေ၏။။ မြန်မာနိုင်ငံအပေါ် အိမ်နီးချင်း တဖက်နိုင်ငံမှ မိတ်ဆွေကျင့် မကျင့်ပဲ စော်ကားလိုက်သည့် အပြုအမူတစ်ခု ပြုလုပ်ခဲ့သည်။။ မြန်မာ့အချုပ်အခြာအတွက် နယ်ခြားတွင် စောင့်ကြပ်နေသည့် စခန်းကုန်းတစ်ခုအား မီးမောင်းများ ထိုးပေးပြီး၊ လက်နက်ကြီးပစ်ကူများ ပေးခဲ့သဖြင့် ထိုစခန်းကုန်း ကျသွားခဲ့ရပြီး မြန်မာ့တပ်မတော်မှ  ပြန်တိုက်ယူလိုက်ရသည်ဟု သတင်းစာများတွင် ဖတ်လိုက်ရ၏။။  ဖိုးကျော်၏ ရင်ထဲတွင် မကျေမနပ် ဖြစ်သွားရပြီး တပါးတိုင်းပြည်က စော်ကားခြင်းကို လက်မခံချင်သော စိတ်တို့သည် တဖွားဖွား ဖြစ်တည် လာခဲ့ရသည်။။


ထိုစိတ်အခံကြောင့်ပင် ဖိုးကျော်ဆယ်တန်းအောင်တော့ စစ်သင်တန်းသို့ လျောက်ခဲ့၏။။ သို့သော် ဖိုးကျော်တစ်ယောက် ကံမကောင်းခဲ့။။ ရေးဖြေစာမေးပွဲ များတွင် ဖြေဆိုအောင်မြင်ခဲ့သော်လည်း ခန္ဓာကိုယ် ကြံ့ခိုင်မှု စစ်ဆေးရာတွင် နားနှင့်မျက်စိက ဆေးကျခဲ့လေသည်။။ စာဖတ်များသဖြင့် ဖိုးကျော်၏ မျက်နှာတွင် မျက်မှန်တစ်ခုက နေရာယူထားလေပြီ။။ ထို့ပြင် ထင်မှတ်မထားစွာ ဆေးစစ်ဆေးစဉ်၌ နားပြည်ယိုနေလေရာ ခန္ဓာကိုယ်ကြံ့ခိုင်မှု စစ်ဆေးခြင်းကို မကျော်ဖြတ်နိုင်ပဲ ဆေးကျပြီး အိမ်ပြန်ခဲ့ရ၏။။ ဗိုလ်အောင်ဆန်းလို ပေးဆပ်ခွင့်က နီးမလိုလိုနှင့် ဝေးရလေပြီဟု တွေးရင်း ဖိုးကျော်၏ စိတ်ဓာတ်တို့ အကြီးအကျယ်ကို ကျဆင်းခဲ့ရတော့သည်။။


စိတ်ဓာတ်တွေကျနေသော ဖိုးကျော်ကို ဖေးမရင်း သင့်တော်ရာ လမ်းကြောင်းကို မီးမောင်းထိုးပြခဲ့သည်က ငယ်ဆရာများတွင် တစ်ဦးအပါအဝင် ဖြစ်သည့် ကပ္ပိယကြီးပင် ဖြစ်သည်။။ "ငါတို့မြန်မာပြည်ဝယ် မိဘတိုင်းကရယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးထုတ်ပေးရမယ်" ဟူသောအပိုဒ်ကို ဖိုးကျော်အား အထပ်ထပ်ရွတ်စေ၏။။ ဘာနားလည်သလဲဟု မေး၏။။ ဖိုးကျော်နားမလည်ခဲ့။။ ထို့ကြောင့်ပင် ကပ္ပိယကြီးမှ သေချာနားလည်အောင် ရှင်းပြပေးခဲ့သည်။။ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူတိုင်းကို ဗိုလ်အောင်ဆန်းလို သူရဲကောင်းဟုခေါ်ကြောင်း၊ စစ်သားဖြစ်မှ ဘာမှဟု အစွဲမထားပဲ တိုင်းပြည်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ရန်လိုကြောင်း၊ စစ်သားက တိုင်းပြည်ကို ကာကွယ်နေချိန်မှာ စစ်သားမဟုတ်သူများက တိုင်းပြည်တိုးတက် ကြီးပွားရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင်အဆိုပါသီချင်းစာသား၏ အလိုအရ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ များပြားလာအောင် မွေးထုတ်ပေးဖို့ လူသားအားလုံး၏ ဒုတိယမိဘ ကျောင်းဆရာဘဝကို ခံယူရန် လမ်းညွှန်ပြပေးခဲ့သည်။။


ကပ္ပိယကြီး၏ ရှင်းပြဆုံးမစကားများကြောင့် ဖိုးကျော်တစ်ယောက် စိတ်ဓာတ်ခွန်အားများ ပြန်လည် တိုးတက်လာခဲ့ရပြန်လေ၏။။ ထို့ကြောင့် ပညာရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ဓားကောင်းများ သွေးထုတ်မည့် ဓားသွေးကျောက်ဘဝကို ရွေးချယ်ခဲ့သည်။။ ယခုဆိုလျှင် အဆိုပါ ဖိုးကျော်သည်ပင်လျှင် အထက်တန်းပြ ကျောင်းဆရာကြီးတစ်ယောက် ဖြစ်နေခဲ့လေပြီ။။ ငယ်စဉ်ကလေးဘဝ ကတည်းက ဗိုလ်ချုပ်အောင်ဆန်းကို လေးစားအားကျခဲ့ပြီး၊ တိုင်းပြည်အတွက် ဗိုလ်ချုပ်ကဲ့သို့ အသက်စွန့် တာဝန်ထမ်းဆောင် လိုခဲ့သော ဖိုးကျော်တစ်ယောက် အခွင့်မသာခဲ့သောအခါ ဗိုလ်ချုပ်ကဲ့သို့ သူရဲကောင်းများကိုသာ အားတက်သရော စွမ်းစွမ်းတမံ မွေးထုတ်ပေးဖို့ ကြိုးစားနေခဲ့လေပြီတည်း။။


ဖိုးကျော်တစ်ယောက် သူ၏တပည့်များကို သင်ကြား၊သွန်သင်ရာတွင် သူငယ်စဉ်မှ ကြီးပြင်းလာသည်ထိ အစဉ်သဖြင့် ထိတွေ့ခဲ့ရသော ကပ္ပိယကြီး၏ စာချိုးများ၊ ဆုံးမစကားများကလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုခဲ့လေ၏။။ မိမိအကျိုး တစ်ခုတည်းကိုသာ ကြည့်တတ်သူများ မဖြစ်စေရအောင်၊ မွေးဖွားကြီးပြင်းခဲ့ရာ တိုင်းပြည်ကို ချစ်ခင်မြတ်နိုးပြီး အကျိုးပြုတတ်အောင် သူ၏တပည့်များကို အစဉ်သဖြင့် ဆုံးမသွန်သင်ခဲ့လေသည်။။ စံပယ်တစ်ပွင့်မှသည် စံပယ်တစ်ကုံးဆီသို့၊ ခရေတစ်ပွင့်မှသည် ခရေတစ်ကုံးဆီသို့ဟု သဘောထားရင်း တစ်ယောက်ကောင်းမှသည် အားလုံးကောင်း လာမည်ဟူသော ယုံကြည်ချက်များဖြင့် ဖိုးကျော်တစ်ယောက် သူ့ရည်ရွယ်ချက် အတွက် ကျေနပ်နေခဲ့လေ၏။။ သူ၏ ကြိုးစားမှုကြောင့်သာ တိုင်းပြည်အတွက် သားကောင်းရတနာများ မွေးဖွားပေးနိုင်ခဲ့လျှင် ဟူသည့်အတွေးဖြင့် သူ့တပည့်များအား နာ(၃)နာမကအောင် စည်းကြပ်၊အုပ်မိုးရင်း စာကိုသင်ယုံသာမက စိတ်ဓာတ်ကိုပါ သင်ကြားပေးရင်းဖြင့် ဖိုးကျော်တစ်ယောက် သူ၏ အနာဂတ်နေ့ရက် များကို ပေးဆပ်နေခဲ့လေတော့သည်။။။


(ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ (၁၃)ရက်နေ့ အမှတ်တရအဖြစ် ဗိုလ်ချုပ်ကို အလွန်အားကျခဲ့သော သူငယ်ချင်း တစ်ယောက်အကြောင်းကို ရေးဖွဲ့ပါသည်။။)

လေးစားလျက်
အလင်းသစ်

5 comments:

  1. ဗိုလ်ချုပ်ရဲ့ မွေးနေ့ကိုမေ့နေသူတွေအတွက် အမှတ်ပြန်လည်ရစေမယ် ဆိုရင်ပဲ စာရေးသူရဲ့ ဆန္ဒတစ်ခု ပြည့်ဝမယ် ထင်ပါတယ်...
    ခံစားအားပေးလျှက်ပါ... လို့..

    ReplyDelete
  2. အရေးအသားကောင်းတဲ့အလင်းရေ
    ဗိုလ်ချုပ်ကို မေ့လို့ ဘယ်ရမလဲကွယ်
    ပိုစ့်လေးဖတ်ခွင့်ရတော့ကျေးကျေးပါ

    ReplyDelete
  3. တကယ့်အဖြစ်အပျက်လေးပါလား... ဗိုလ်ချုပ်အောင်ဆန်းလို သူရဲကောင်းတွေ များများမွေးထုတ်ပေးဖို့ လိုပါတယ်.. အဲဒီလို အများကြီး ဖိုးကျော်တစ်ယောက်မွေးထုတ်ပေးနိုင်ပါစေဗျာ..

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  4. နယ်သားရေ..
    ဒါလည်းမှန်တာပဲ..ဆရာကောင်းတစ်ယောက်ဖြစ်ရင်
    နောင်လာမယ့်မျိုးဆက်ပြီးတော့တို့ချစ်တဲ့ငါတို့ရင်ထဲကဗိုလ်ချုပ်လို
    ကိုယ်ကျိုးစွန့်အနစ်နာခံပြီးပြည်သူတွေအတွက်စိတ်ရောကိုယ်ပါပေးဆပ်တဲ့လူသားဖြစ်မယ်။
    "ငါတို့မြန်မာပြည်ဝယ် မိဘတိုင်းကရယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးထုတ်ပေးရမယ်"
    ငါတို့ဆီကလူတွေသိပြီးလိုက်မလုပ်ကြတဲ့အဖြစ်ကိုတော့တော်တော်ရင်လေးတယ်ကွာ..

    ReplyDelete
  5. ဗိုလ်ချူပ်မွေးနေ့ ညီမမေ့ခဲ့ပါဘူးအကိုရေ
    အရေးအသားလေးတွေအတုယူသွားတယ်နော်
    ခင်မင်လေးစားလျှက် )လွမ်း)

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။