ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, August 29, 2012

ရင်ခွင်ဦးမှ အပြန်...



လွမ်းလို့ဆိုပြီး ဖွင့်ဖတ်လိုက်ကာမှ
ဒုက္ခရဲ့ စာမျက်နှာဖြစ်နေတယ်
ဘဝရယ်...
နဂိုကြမ်းတဲ့လှိုင်းမို့ မုန်တိုင်းမဆန်ပါရစေနဲ့တော့။။

 အဲဒီ...
အသက်ဓာတ်မပါတဲ့ အပြုံးတစ်ခုနဲ့တင်
နှလုံးသား အတုဆိုတာ
ကမ္ဘာမြေကို သက်သေပြုရဲတယ်။။


ငါ့ရဲ့... ဟောဒီ ည
မှောင်မိုက်တယ် ညှို့ငင်တယ်
ဒါပေမယ့်...
ကြယ်စင်တစ်စင်းတောင် မလင်းခဲ့ဘူး။။

တယုတယနဲ့ ပြန်စတဲ့ ဘဝကိုမှ
သူမက ပန်းဦးပန်ပြခဲ့တယ်
အရည်းကြီးမရယ်..
ရာဇဝင်ထဲမှာ မင်းကိုထားခဲ့ပါရစေ။။

တကယ်ဆို...
ကိုယ့်ကိုကိုယ် ငွေ့ရည်ဖွဲ့လို့
မင်းအတွက် ဖွဲဖွဲလေးရွာချချင်ခဲ့တာ
ငါ့စိတ်ကူးတွေများ ခမ်းနားလွန်းခဲ့သလားကွယ်။။

ထားလိုက်ပါတော့လေ...
ကန္တာရမို့လားမသိဘူး ရေဆာတယ်
ဒီဆောင်းဦးပေါက်မှာ
အိမ်တစ်ခေါက် အရောက်ပြန်ဦးမယ်။။

မှင်နီများခဲ့တဲ့ ကောင်မို့
ဓူဝံကြယ်ကို တောင်အရပ် မပို့နိုင်တာမဟုတ်ပါဘူး၊
တကယ်ဆို
မိုးကြိုးပစ်တာကို ကာဖို့အတွက်
ငါလည်း ထန်းလက်ကို လိုအပ်တာပေါ့။။ 
 
တကယ့် တကယ်ကျ
လိုချင်တာ မရခဲ့တိုင်းမှာ
ဟောဒီနှုတ်ခမ်းတွေက တခြမ်းပြုံးတယ်။။






လေးစားလျက်
အလင်းသစ်
၂၉.၈.၂၀၁၂ (ဗုဒ္ဓဟူး)



9 comments:

  1. ကျွန်တော်တို့ကပန်းဦးပန်တာကိုယောကျာ်းတွေဘက်ကချည်းသုံးခဲ့တာ။ အခု အလင်းသစ်မှပဲ မိန်းမတွေကိုပါသုံးချလိုက်တာမိုက်တယ်ဗျ။ လိုချင်တာမရတဲ့အခါ တစ်ခြမ်းပဲ ပြုံးလားဗျ။ စကားလုံးတွေက လန်းတယ်။ ကဗျာကောင်းတစ်ပုဒ်ဖတ်ရတာပါပဲ။

    ReplyDelete
  2. စကားလုံးဆန်းဆန်းတွေနဲ့ တန်ဆာဆင်ထားတာ
    ကဗျာက တော်တော်လေး ဖတ်လို့ကောင်းတယ်

    တကယ်ဆို
    ကိုယ့်ကိုကိုယ် ငွေ့ရည်ဖွဲ့လို့
    မင်းအတွက် ဖွဲဖွဲလေးရွာချချင်ခဲ့တာ
    ငါ့စိတ်ကူးတွေများ ခမ်းနားလွန်းခဲ့သလားကွယ်

    တစ်ချက်ပြုံးမိသွားတယ်

    ReplyDelete
  3. လိုချင်တာ မရတဲ့သူမို့  တခြမ်းပဲပြုံး သွားတယ် အလင်းရေ

    ReplyDelete
  4. ဆန္ဒနဲ့ဘဝဆိုတာ ကိုက်ညီဘို့ ခဲယဉ်းလှတယ် အလင်းသစ်ရေ။
    စကားလုံးကြွယ်ကြွယ်နဲ့ ဖွဲ့နွဲ့ထားတဲ့ ကဗျာလေးအားပေးသွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. တစ်ခြမ်းပြုံးနေတဲ့ နှုတ်ခမ်းလေးက အတော်လှမဲ့ပုံ...
    ကဗျာလေးကလည်း လှတယ် အလင်းသစ်ရေ...

    ReplyDelete
  6. ဒီနေ့မှ ဘလော့ထဲပြန်ဝင်တာမို့ အမတော် နောက်ကျနေခြင်းဖြစ်ပါကြောင်း
    တစ်ခြမ်းပြုံးနေတဲ့နှုတ်ခမ်း ကြည့်ချင်တယ်

    ReplyDelete
  7. “တကယ်ဆို...
    ကိုယ့်ကိုကိုယ် ငွေ့ရည်ဖွဲ့လို့
    မင်းအတွက် ဖွဲဖွဲလေးရွာချချင်ခဲ့တာ
    ငါ့စိတ်ကူးတွေများ ခမ်းနားလွန်းခဲ့သလားကွယ်။။

    ထားလိုက်ပါတော့လေ...
    ကန္တာရမို့လားမသိဘူး ရေဆာတယ်
    ဒီဆောင်းဦးပေါက်မှာ
    အိမ်တစ်ခေါက် အရောက်ပြန်ဦးမယ်။။

    မှင်နီများခဲ့တဲ့ ကောင်မို့
    ဓူဝံကြယ်ကို တောင်အရပ် မပို့နိုင်တာမဟုတ်ပါဘူး၊
    တကယ်ဆို
    မိုးကြိုးပစ်တာကို ကာဖို့အတွက်
    ငါလည်း ထန်းလက်ကို လိုအပ်တာပေါ့။။

    တကယ့် တကယ်ကျ
    လိုချင်တာ မရခဲ့တိုင်းမှာ
    ဟောဒီနှုတ်ခမ်းတွေက တခြမ်းပြုံးတယ်။”
    အလည်လာရင်း..ကဗျာကောင်းလေးတပုဒ် အားပေးသွားတယ်အလင်းရေ...
    စကားလုံးလှလှဆန်ဆန်းလေးတွေက နှစ်သက်စရာ...ဆက်လက်ထုဆစ်နိုင်ပါစေနော်
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete
  8. တခါတလေတော့ ညတွေ သိပ်ကို မှောင်မိုက်လွန်းလှတယ်

    ~ Kk ~

    ReplyDelete
  9. နွယ်လေးMarch 15, 2013 at 9:55 AM

    လိုချင်တာတွေကို မရရှိခဲ့တဲ့ နွယ်ကလည်း
    ကဗျာလေးကို အားပေးခဲ့ပါတယ်ရှင်...

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။