ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, March 20, 2011

အလွမ်းသင့်ခဲ့တဲ့အတိတ်ပန်းချီ






အပိုင်း(၁)

စီးပွားရေးတက္ကသိုလ်(ရန်ကုန်)ကတဖွဲဖွဲရွာကျနေသောမိုးရေစက်များ
အောက်မှာခန့်ခန့်ထည်ထည်တည်ရှိနေသည်။။။မြို့တွင်းနှင့်
အလှမ်းဝေးလှသဖြင့် မြို့ပြ၏အငွေ့အသက်များကတော့ကင်းစင်နေ
၏။မြင့်မြင့်မားမားအဆောက်အဦးဆို၍ ကျောင်းကြီး၏ပင်မဆောင်နှင့်
ကျောင်းဘေးကပ်ရက်မှာရှိနေသောဒီဇင်ဘာဥယျာဉ်မြို့တော်မှ အဆောက်အဦးများလောက်သာရှိနေသည်။။။တစ်ချက်တစ်ချက်မှ
ကားဟွန်းသံများကြားရသည်။။။ကျောင်းရှေ့မှာကရန်ကုန်_မန္တလေး
အဝေးပြေးလမ်းမကြီးနှင့်သင်္ကန်းကျွန်းမြို့နယ်ကိုဆက်သွယ်ထား
သော၃လမ်းသွားကားလမ်းကျယ်တစ်ခုတည်ရှိနေ၏။ကျောင်းရှေ့
တည့်တည့်ကားလမ်း၏ဟိုမှာဘက်ဘေးမှာတော့ ကျောင်းကန်တင်း
ဟုခေါ်ရမည်လားမသိစားသောက်ဆိုင်တန်းကြီးရှိနေသည်။။။


ကျောင်းသားကဒ်များကိုအပြာရောင်ဖဲကြိုးနှင့်သေချာတပ်၍
လည်ပင်းတွင်စမတ်ကျကျချိတ်ဆွဲထားကြသောကျောင်းသူကျောင်း
သားများကတော့စီးပွားတွက်တွက်ရင်း ဆိုင်ခန်းများစွာထဲမှာ မတ်တပ်ရပ်သူရပ်၊ရေနွေးသောက်ရင်းစကားများသူများနှင့် မိုးတိတ်
ချိန်ကိုစောင့်နေကြသည်။။။ဆိုင်ရှင်များ၏မိတ်ပျက်မည်စိုးသလို၊
အမြင်လည်းကတ်လှပြီမို့မရဲတရဲထွက်ပေါ်လာသောမျက်စောင်းများ
တစီစီကျလာချိန်တွင် မိုးကလည်းတိတ်လုတိတ်ခင်ဆဲသွားလေပြီ။။


လ္ဘက်ရည်ဆိုင်တစ်ခုအတွင်းမှကျောင်းသားတစ်ဦး အပြေးတစ်ပိုင်း
နှင့်ကျောင်းအတွင်းပြေးဝင်သွား၏။။။မိုးကဆဲသွားပြီဖြစ်သော်လည်း
မိုးရေစက်များကလုံးဝကင်းပျောက်သွားသည်ထိမဟုတ်သေးသော
ကြောင့်အပြေးတပိုင်းနှင့်နီးရာကော်ရစ်တာတစ်ခုသို့ပြေးဝင်လိုက်
သည်။။။

“အင့်”

“ဟာ ဆောရီးဗျာ။။ကျနော်အလောတကြီးဝင်လာလိုက်မိလို့ပါ။။။”

သူငယ်ချင်းများကိုမတွေ့သဖြင့် ရှာဖွေကြည့်ရန်ထွက်လာသည့် ညို တစ်ယောက် အရှိန်နှင့်ဝင်တိုက်ခံရပြီး နှုတ်ခမ်းဆီမှနာကျင်မှုနှင့်အတူ
အင့်ခနဲပင်ဖြစ်သွားရ၏။လက်ထဲမှမိုးပြာရောင်ထီးလေးနှင့်ပုခုံးထက်မှ လွယ်အိပ်လေးလည်းပြုတ်ကျသွားတာမို့တောင်းပန်သံကိုပင်ဂရုမ

ထားပဲအရင်ကောက်လိုက်သည်။။ပြီးမှ ဝဲတဲတဲသူ့စကားသံကိုသတိ
ထားမိပြီး ညိုလှမ်းကြည့်လိုက်တော့အားနာနေသောမျက်လုံးများနှင့်
ကောင်လေးတစ်ယောက်။။။ အသားဖြူဖြူ၊ မျက်နှာက ၄ ထောင့်ဆန်
ပြီး ပီပြင်သောမေးရိုး၊နှာတံပေါ်ပေါ် နှင့်ဆံပင်ကိုသပ်သပ်ရပ်ရပ်
ဖီးသင်ထားသောကောင်လေးကိုညို မင်သက်မိသလိုခဏမျှငေး
မောနေမိ၏။။ပြီးမှ သတိထားရပြီး အကြည့်ကိုလွှဲကာတိုးတိုးပြန်ဖြေ
လိုက်သည်။။။


“ရပါတယ် ညိုလည်းငေးလာမိလို့ပါ။။။ကိစ္စမရှိပါဘူး။။။”

“နှုတ်ခမ်းပေါက်သွားတယ်ထင်တယ်။။အားနာလိုက်တာဗျာ။။ကျနော်
လည်းမိုးစိုမှာစိုးတာနဲ့အတင်းပြေးဝင်လာတာ။။တောင်းပန်ပါတယ်။။။
ဒါကျနော့်လက်ကိုင်ပုဝါပါ။။။သန့်ပါတယ်ဗျ။။။ယူထားလိုက်ပါ။”

သူ့အသံဝဲဝဲကလည်းနားထောင်လို့ကောင်းလှတာမို့ ညိုမှာ ဘာမှ
ပြန်မပြောမိပဲ သူကမ်းပေးသောလက်ကိုင်ပုဝါအဖြူလေးကိုလှမ်းယူ
လိုက်မိသည်။။။သူလည်းခေါင်းတစ်ချက်ကုတ်ပြီး ဒါဆိုကျနော့်ကို

ခွင့်ပြုပါဦးဗျာဟုပြောပြီး ဆက်ထွက်သွားတော့သည်။။။ ညိုကတော့
နှုတ်ခမ်းထောင့်စွန်းကိုကိုင်ကြည့်ပြီးလက်မှာစွန်းထင်းလာသောသွေးစ
တို့ကိုကြည့်လိုက်၊ သူပေးခဲ့သော လက်ကိုင်ပုဝါအဖြူလေးကို
ကြည့်လိုက်နှင့်ကျန်ရစ်ခဲ့လေ၏။။။












အပိုင်း(၂)



“ညိုကတော့ လုပ်ပြီ။။။ ငါတို့မရှိတာနဲ့ယုန်သူငယ်ဖြစ်ရတယ်လို့။
။။ပွဲကြမ်းပစ်လိုက်တော့ဘာဖြစ်မှာကျနေတာပဲ။။”

“ဟုတ်ပ တို့အုပ်စုရဲ့ သိက္ခာကျလိုက်တာဟယ်။။။”

“ဟုတ်တယ်..အဲဒီတော့ ဒီဝိုင်းကို ညိုကရှင်း။။။ဒါပဲ။။။”

သူငယ်ချင်းများ၏တစ်ယောက်တစ်ပေါက်စကားသံများကိုပြုံးကြည့်
နေရင်း သပြေညို ကောင်လေးရဲ့မျက်နှာကိုပြေးမြင်လိုက်မိသည်။။
ဟုတ်သည်ထိုမျက်နှာလေးကြောင့်သာမနေ့ကသူမပွဲမကြမ်းဖြစ်
လိုက်တာပါ။ဒီကျောင်းမှာတော့သူမတို့အဖွဲ့ကို ကျောင်းသားတိုင်း
ရှိန်ကြသည်။ပျော်တတ်၊ဘရုတ်ကျတတ်လွန်းသောကြောင့်နာမည်
ကြီးနေသော သူငယ်ချင်းအုပ်စုဖြစ်၏။။။

“ဒါနဲ့ သူ့နာမည်ကဘယ်သူတုန်း”

ဝါဝါ၏အမေးကို ညိုက မသိပါဘူးဟာဟုပြန်ဖြေလိုက်သည်။။။

“ဟင်..ဒါဆို ဘယ်မေဂျာ ၊ဘယ်အတန်း ကလဲဆိုတာလည်းမသိဘူးပေါ့”

“ကောင်မရယ် နာမည်တောင်မသိပါဘူးဆိုနေ ကျန်တာတွေကျုပ်က
ဘယ်လိုသိမတုန်း”

မေသူရဲ့ အံ့သြသလိုအမေးကို ညိုစိတ်ပေါက်ပေါက်နဲ့ပြန်အော်လိုက်
တာပါ။ထိုအချိန်မှာပင် သူတို့ထိုင်နေသောဝိုင်းသို့ ကျော်လွင်တို့အဖွဲ့
ဝင်လာသည်။ကျော်လွင်တို့အဖွဲ့ကလည်းသူမတို့နှင့်ပြောမနာဆိုမနာ
မောင်နှမလိုနေသောသူငယ်ချင်းများဖြစ်ကြသည်။။။ရောက်သည်နှင့်
ကျော်လွင်ကကွမ်းတံတွေးကို ဝါးထရံဆီပြစ်ခနဲထွေးလိုက်ပြီး
အသံဗြဲကြီးနှင့်

“ကဲ ..နင်တို့အဖွဲ့နဲ့ မိတ်လိုက် ..အဲ..မိတ်ဆက်ပေးရဦးမယ်။။။
ဒါငါ့သူငယ်ချင်း ထားဝယ်ကအင်းသား။။။ နာမည်က မိုးဦးတဲ့။။။”

“ယောက်ဖကြီး..အင်းသားက မင်းညီမလင်ငါလေ။။။ထားဝယ်က အမြီးမှာ အင်းလေးကဟိုးအပေါ်မှာတခြားစီပဲ။။။ကြည့်ဖောဦး။။။”

ကျော်လွင့်စကားကိုအင်းသား စိုင်းဇော်မင်းကဝင်ထောက်လိုက်
သည်။။။မင်းသာနေစမ်းဟုဟောက်ပြီးကျော်လွင်ကြီးကဆက်ပြီး
မိတ်ဆက်ပေးသည်။။။။

“ကဲမိုးကြီး..ဒါငါတို့သူငယ်ချင်းတွေပဲ ဒီအသားမဲမက ဝါဝါဝင်း၊
ဒီဂျပုမကမြတ်နိုးဝေ၊ဒီတိုက်ဂေါကမေသူနိုင်၊ ဒီလေးလုံးက
သက်သက်စံ၊ ဟောဒီတေမိရေခဲစိမ်က သပြေညိုတဲ့ မှတ်ထား
ကြားလားပိုက်ဆံလိုရင်သူတို့ဆီကချေး၊မင်းပိုက်ဆံရှိရင်တော့
ဖွက်ထားပြီးငါ့ကိုချေး။။။”

ကျော်လွင့်စကားအဆုံးမှာ ကျန်တဲ့၎ ယောက်ကကြောင်လွင်မသာ
ကောင် ဟုအော်ပြီးဝိုင်းထုရိုက်နေချိန်မှာ ညိုကတော့ အံ့သြသလို
ကြည့်နေမိသည်။ခုနမှ သူ့အကြောင်းပြောနေကြတုန်းချက်ချင်း
ရောက်လာတာဆိုတော့အံ့သြမိတာပေါ့။။။သူကပြုံးပြလိုက်ရင်း

“သြော်..ကျော်လွင့်သူငယ်ချင်းလား။မနေ့ကနှုတ်ခမ်းကွဲသွားတာ
သက်သာရဲ့လားဗျ။။။”

“အင်း..သက်သာပါတယ်။။။”

သူတို့ပြောတာကိုကြားသွားတော့ ၂ အုပ်စုလုံးငြိမ်သွားပြီး
ကျော်လွင်ကသဘောပေါက်သွားဟန်ဖြင့်

“မင်းလိုက်ရှာနေတဲ့တစ်ယောက်ဆိုတာ ညို့ကိုပြောတာလား”
ဟုမေးလိုက်ချိန်တွင် သက်သက်ကလည်း
“ညို့ကိုဝင်တိုက်တဲ့တစ်ယောက်ဆိုတာ ဒီကောင်လား”
ဟုပြိုင်တူပင်မေးလိုက်သည်။။။သူတို့နှစ်ယောက်ကလည်း အင်း..ဟုတ်တယ် ဟုပြိုင်တူပင်ဖြေလိုက်ကြသည်။။။

“အဲလိုဆိုတော့လည်းအချင်းချင်းတွေပဲကွာ။။။အဆင်ပိုပြေသွားတာ
ပေါ့။ဇာတ်လမ်းတော့လုပ်မယ်မကြံနဲ့နော် မိုးကြီး၊။။။ညိုက
စကားနည်းတယ်တည်တယ်ဆိုပြီးသွားမစမ်းနဲ့။စကားသာမပြောတာ
အေးလိုက်တာမှကျဉ်နေရောဆိုတဲ့အမျိုး။တေမိရေခဲစိမ်ထားသလိုပဲ။
မင်းကိုရူးသွားအောင်ကျတ်လိမ့်မယ်။။။”

“မဟုတ်တာကွာ။။မင်းကလည်း။။ငါ့မှာအဲလိုစိတ်မျိုးမရှိပါဘူးဟ။။။”

ဝင်းအောင်၏ စကားကိုသူကလက်ကာပြီးအလျင်အမြန်ငြင်းလိုက်ခြင်း
ဖြစ်သည်။နဂိုစကားဝဲတာကိုအမြန်ပြောလိုက်သဖြင့် သူဘာပြောတာ
ကိုပင်ညိုသေချာနားမလည်လိုက်။ဘာပဲဖြစ်ဖြစ်သူနှင့်ခင်မင်လိုက်ရ
တာအပေါ်တော့ ကျေနပ်ပျော်ရွှင်နေမိတာကိုဘာသာသတိထားမိ
သည်။။။။









အပိုင်း(၃)




ညိုကျောင်းကိုရောက်တော့ သူငယ်ချင်းတွေကမရောက်သေး။။။
သို့နှင့် ကန်တင်းဝင်ပြီးညိုကြိုက်သောလ္ဘက်ရည်ကျစိမ့်တစ်ခွက်
မှာလိုက်သည်။နံပြားတစ်ပွဲပါမှာလိုက်ပြီး မနက်စာပါတစ်ခါတည်း
စားလိုက်၏။မနက်ကအိပ်ယာထနောက်ကျသဖြင့် မနက်စာစားဖို့
မမှီခဲ့ဘူးလေ။ထိုစဉ်မှာပင်ညို့မျက်ဝန်းထဲအရိပ်တစ်ခုဝင်လာ၏။
တခြားကျောင်းသားများနှင့်မတူစွာ လွယ်အိတ်ကိုဘယ်သောအခါမှ
လွယ်လေ့မရှိပဲလက်ချာစာအုပ်၂အုပ်ကိုဒေါင်လိုက်အလယ်မှချိုးကာ
ဘောင်းဘီနောက်အိပ်နှစ်ဖက်မှာထိုးပြီးကျောင်းတက်သော
သူမရင်ထဲသို့တိတ်တိတ်ခိုးဝင်လာနေပြီဖြစ်သော မိုးဦး။။။။


“ညို..ရောက်နေတာကြာပြီလား”

“အေး ..ခုနပဲရောက်တယ်မိုးကြီး။။နင်ရော။။”

ငါလည်းတူတူပဲဟုပြောပြီးစားပွဲထိုးကိုမုန့်ဟင်းခါးတစ်ပွဲဟုအော်မှာ
လိုက်သည်။ပြီးတော့မနေ့ကသူ့ကိုညိုတို့အဖွဲ့ဝိုင်းစတာကိုမကျေ
နပ်ကြောင်းပြောပြနေ၏။သူတစ်ယောက်တည်းလျောက်လာချိန်တွင်
ညိုတို့အဖွဲ့မှဘယ်ညာအော်လိုက်၊ပေါက်ကရပြောလိုက်ဖြင့်ဝိုင်းစကြ
ခြင်းဖြစ်သည်။။။

“ငါ့မှာ ရှက်လိုက်တာ။။။ ခြေလှမ်းတွေတောင်မှားတယ်။။။”

“နင်ကလည်း အချင်းချင်းတွေပဲ။။ဒီလောက်လေးစတာအသားပဲ့ပါ
သွားတာကျနေတာပဲ။။။”

ပြောတာတော့လွယ်တာပေါ့ဟ ငါကတကယ်ကြုံရတဲ့သူဟုသူက
အောင့်သက်သက်နှင့်ပြောသည်။။။ဟုတ်တော့လည်းဟုတ်ပါ၏
ညိုတို့စပါကတော်ရုံယောင်္ကျားလေးတွေထွက်ပြေးရသည်ထိပင်။

“ချစ်လို့ပါမောင်ရယ် အိမ်မှာလာတောင်းလိုက်တော့မယ်နော်၊
မောင်ကတော့ကျော့လို့မော့လို့ဒီမှာတော့ ကလေးတွဲလောင်းနဲ့
ကျောင်းတက်နေရတယ်မောင်ရယ်၊ငါ့ချစ်သူလေးပင်ပန်းရှာတယ်

နောက်နေ့ လေယာဉ်နဲ့ကျောင်းခန်းအရောက်ပို့ရမယ်“စသဖြင့်
ပေါက်တတ်ကရတွေပြောကြတာမို့တော်ရုံမျက်နှာပြောင်သော
ကောင်လေးများပင်ထွက်ပြေးရတာလေ။ဗရုတ်ကျသောကျော်လွင်
တို့အဖွဲ့ထဲရောက်နေသော်လည်း ညိုတို့ထက်ပင်ကျောင်းတက်
ရက်မှန်သောမိုးဦးကို ညိုတစ်ချက်လှမ်းကြည့်လိုက်ပြီး

“မိုးကြီး..နင်က ကျော်လွင်နဲ့တူတူလို့လည်းပြောသေးတယ်။။ပြီးတော့
ကျော်လွင့်ထက်စာလည်းပိုတော်တယ်၊။။ကျောင်းတက်ရက်လည်းမှန်
တယ်။။။စာလည်းလိုက်နိုင်တယ်။။။အဲဒါကိုနင်ကဘာလို့ခုမှ ဒုတိယနှစ်
ပဲရှိသေးတာလဲ။။။”

“အင်း..ဒီလိုဟ.”

သူ့စကားမှမဆုံးသေး

“အောင်မာ ငါမရှိတုန်းငါ့အတင်းပြောနေတယ်။။။ ဟဲ့မတေမိရဲ့
မှတ်ထားကြောင်လွင်တို့ကနင်တို့နဲ့ပေါင်းမှပျက်စီးတာ။အထက်တန်း
တုန်းကဆိုငါ့နောက်မှာ ဘယ်သူမှမရှိဘူး။ဒီကောင်မိုးကြီးပဲ ငါ့နောက်
မှာရှိလို့ စာမေးပွဲကျပြီးကျန်ခဲ့တာ။။။မှတ်ထား။။။ဟဲ့ကောင်မိုးကြီး
ပြောပြလိုက်ကြောင်လွင်ကို မောင်ရင်ကဘယ်လောက်အထင်ကြီး
လေးစားရတယ်ဆိုတာ။။။”

သူငယ်ချင်းတွေရောက်လာကြပြီမို့ခုံတွေဆွဲထိုင်ကြရင်း ကျော်လွင်က ညို့အမေးကိုဖြေလိုက်တာ ဖြစ်သည်။။။

“ လေးစားထိုက်ပါတယ်ကိုကြီးကြောင် လ္ဘက်ရည်သုံးဆောင်ပါ ပြီးရင်
ကျသလောက် တစ်ဝိုင်းလုံးစာရှင်းပေးပါ “

ဟု ဝင်းအောင်ကဝင်ပြောလိုက်ပြန်သည်။။။အားလုံးကလည်းဟုတ်
တယ်ဝှီးညောင်ပြောတာမှန်တယ်၊ထောက်ခံပါတယ် စသဖြင့်အတိုင်
အဖောက်ညီညီ ဝိုင်းအော်ကြတော့ ကျော်လွင်ကြီးလည်း

“အေးပါဟာ ငါကိုကလျှာရှည်မိတာအဲဒါမို့အမေပြောတယ်အရိုးမရှိ
တဲ့ဗုဒ္ဓဟူးနံကိုအလိုမလိုက်ပါနဲ့ဆိုတာ၊ ခုတော့ငါ့အမှား ငါ့အမှား “

ဟုငိုကြီးချက်မပုံစံနှင့်ပြောလိုက်တော့ ကြောင်လွင် နင်ဘာပြောတယ် ဟုမိန်းကလေးများကဝိုင်းအော်သည်။။။ကျော်လွင်ကြီးမျက်လုံးပြူး
သွားပြီး

“ဟဲ့..ဟဲ့..ငါပြောတာ လျှာနော်။။လျှာ..လျှာ..နင်တို့ထင်ချင်ရာ
ထင်မနေနဲ့”

ဟုအလောတကြီးပြော၏။စိုင်းဇော်မင်းက ယောက်ဖကြီးရာလျှာကယ်
လို့ လျှာမကယ်ရင် ငါထင်တာမှန်တယ်ဟု လက်ဝါးကို လက်သီးနှင့်
ထိုးရင်းပြောသည်။။။တဝါးဝါးအော်ရယ်လိုက်ကြသောသူငယ်ချင်းများ
ကြောင့်ဘေးဝိုင်းများကလှည့်ကြည့်ကြသည်ထိပင်။။။။ ထိုသို့သော
ပျော်စရာနေ့ရက်လေးများကိုဖြတ်သန်းရင်းနေ့ကိုလကစားပြီး သပြေညိုဆိုသော သူမရင်တွင်းသို့ မိုးဦးဆိုသောထားဝယ်သားခပ်
ချောချောကောင်လေးချဉ်းနင်းဝင်ရောက်လာခဲ့တာလေ။။။
စတွေ့ထဲက မှင်သက်ငေးမောခဲ့မိသောသူ့မျက်နှာကိုခိုးခိုးကြည့်ရင်း၊
နားဝင်ချိုလှသောသူ့အသံဝဲဝဲလေးကို နားစွင့်ရင်းနှင့်ပင်
သူမရင်ထဲကိုသူခိုင်မြဲစွာတိုးဝင်လာခဲ့ပြီဟုဘာသာနားလည်သိရှိ
နေ၏။သူ့ကိုမတွေ့လျှင်ရှာဖွေနေတတ်သော ညို့မျက်လုံးတွေကို
သူငယ်ချင်းတွေကပင်သတိထားမိနေကြလေပြီ။သူကတော့ ခုချိန်ထိ
မသိသေးတာလား၊မသိချင်ယောင်ဆောင်နေသည်လားမသိ။စကား
သံဝဲဝဲနှင့်သူငယ်ချင်းတွေစုံချိန်တိုင်းတူတူဝင်ပြောတတ်သလောက်
ညိုနှင့် ၂ ယောက်ချင်းတွေ့ပြီဆိုလျှင် အာစေးမိသလို စကားသံတို့
တိတ်ဆိတ်နည်းပါးလွန်းလှသူဖြစ်သည်။။။ညို့စိတ်ထဲမချင့်မရဲနှင့်
တစ်ခါတစ်ရံငါ့ကိုခေါ်နေတဲ့ တေမိရေခဲစိမ်ဆိုတဲ့နာမည်ကို နင့်
တွက်ပြောင်းပေးရမလိုဖြစ်နေပြီမိုးဦးရယ်ဟုတွေးမိသည်ထိပင်။။။
ဒီလို၊ဒီအတိုင်းပါပဲလေသပြေညိုနှင့်မိုးဦးတို့သူငယ်ချင်းများအဖြစ်နှင့်
သာသူကဒုတိယနှစ်သင်တန်းပြီးဆုံးခဲ့သလိုညိုတို့လည်းတတိယနှစ်
ကိုပြီးဆုံးခဲ့ကြသည်။။။









အပိုင်း(၄)





နောက်ဆုံးနှစ်ကျောင်းသူညို လ္ဘက်ရည်ကျကျလေးကိုသောက်ရင်း မိုးရေစက်များအောက်မှ ကျောင်းကြီးကိုငေးကြည့်နေမိသည်။။။
သူများတွေပညာစုံရုံမကကြင်ယာပါစုံခဲ့ကြသည်ဆိုသောဒီတက္ကသိုလ်
ကြီးက သူမတွက်တော့ ၄ နှစ်သော စာသင်နှစ်တို့မှ၃ နှစ်ကျော်ဖြတ်
သန်းခဲ့ပြီးလျက်နှင့် ရင်ခုန်ဘက်ကိုပင် သေသေချာချာမတွေ့ရှိခဲ့သေး
သည့်အဖြစ်။ညိုပြုံးလိုက်မိသည်။။။ မိုးက မနက်တည်းကရွာနေတာမို့
ဒီနေ့သူမတို့အဖွဲ့လူစုံမှာမဟုတ်ဘူးဆိုတာသိနေတော့ ဘယ်သူများ
ရောက်လာမလဲ လှမ်းမျှော်ကြည့်လိုက်သည်။။မကြာခင်မှာပင်ဝါဝါနှင့်
သက်သက်စံတို့ရောက်လာကြသည်။မြတ်နိုးနှင့်မေသူကတော့မလာ
လောက်တော့။။။ကျော်လွင်နှင့်ဝင်းအောင်လည်းရောက်လာသည်။။။
သူတို့ရောက်လာတော့ လွမ်းစဖွယ် မိုးနေ့လေးကလည်းဆူဆူညံညံ

နှင့်စီစီညံသွားပြန်လေ၏။ပြီးခဲ့တဲ့နှစ်ကဒီလိုမိုးနေ့တစ်နေ့မှာသူနှင့်
မိုးဦးတို့တွေ့ခဲ့ကြတာကိုသတိရတော့ဘာသာပြုံးမိပြန်သည်။။ပြီးမှ

“ကြောင်ကြီး နင်တို့အဖွဲ့ကစုံပြီလား။။။ ဟိုကောင်တွေရော။။။”

“ဇော်မင်းကတော့ ဟိုဘက်နားက ကြက်မွေးမြူရေးခြံကိုသွားတယ်။
ဒီကောင်ကြက်ဝယ်မလို့တဲ့။။။ရရင်တော့ငါတို့ကျောင်းမတက်တော့
ဘူး။။။ဝင်းအောင်တို့အိမ်မှာကြက်သားကာလသားချက်နဲ့ဝီစကီလေး
နဲ့နှပ်တော့မယ်။။။မိုးကြီးကတော့မရောက်သေးတာလားမသိဘူး။
တွေ့ကိုမတွေ့သေးတာဟ။။”

ညို့အမေးကို ကျော်လွင်ကပြန်ဖြေရင်းစားပွဲထိုးလာချပေးသောမုန့်
ဟင်းခါးကို ငရုတ်သီး၊သံပုရာသီးများနှင့်စိတ်ကြိုက်ပြင်နေသည်။။။
ထိုအချိန်မှာပင်သင်္ကန်းကျွန်း_လှည်းကူး (၁၇၉)ကားပေါ်မှ ဆင်းလာ
သော မိုးဦးကိုလှမ်းတွေ့လိုက်ရသဖြင့်ညိုကဟိုမှာမိုးကြီးလာပြီ
ဟုပြောလိုက်သည်။သူငယ်ချင်းတွေအားလုံးလည်းလှမ်းကြည့်လိုက်ပြီး
လက်ထောင်ပြလိုက်၏။မိုးဦးကလည်းလက်ပြန်ထောင်ပြရင်းမိုးရေစက်
များဒဏ်မှအမြန်လွတ်စေရန်ကားလမ်းကိုအပြေးဖြတ်ကူးသည်။
ညိုရင်ထဲထိတ်ခနဲဖြစ်သွားပြီးမိုးကြီး ကား ကားဟုထိတ်လန့်တကြား
အော်ပြောလိုက်၏။။ထိုအခါမှ ကျန်သောသူငယ်ချင်းများလည်း တစ်ဘက်ယာဉ်ကြောမှ မောင်းဝင်လာသော ပဲခူး_သင်္ကန်းကျွန်း (ကမ္ဘာကျော်) ကားကိုသတိထားမိလိုက်ကြသည်။အလန့်တကြား
ဝိုင်းအော်လိုက်ကြသော်လည်း ဖြတ်ကူးလာမည်မထင်သဖြင့်
မောင်းလာသောကားနှင့် ကားကိုမကြည့်ပဲ မိုးလွတ်အောင်
အတင်းဖြတ်ပြေးသော မိုးဦးတို့ ကွက်တိတိုက်မိလေပြီ။ဒုန်းခနဲအသံ
နှင့်အတူမြောက်တက်သွားတာကိုမျက်စေ့နှင့်တပ်အပ်တွေ့လိုက်ရ
တော့ ညို့ရင်ထဲ သွေးပျက်ထိတ်လန့်သွားရ၏။။။မိုးဦးဟု ဝိုင်းအော်
လိုက်သောအသံ ကားဘရိတ်ဆွဲသံ မိုးဦး၏ ညည်းညူသံတို့
ညံခနဲထွက်ပေါ်လာပြီး ချက်ချင်းပြန်လည်တိတ်ဆိတ်သွားသည်။
အထိတ်တလန့်ကြည့်နေသောမျက်နှာများ၊အံ့သြမှင်သက်
သွားသောမျက်နှာများနှင့်တဒင်္ဂငြိမ်သက်သွားကြ၏။ ပြီးတော့မှ သူတို့
တွေပြေးသွားကြတော့မိုးဦးကမလှုပ်မယှက်ငြိမ်သက်လို့။။ဆေးရုံနှင့်
ကလည်းအလှမ်းဝေးလှသည်မို့၊တိုက်မိသည့်ကားနှင့်ပင် မိုးဦးကို
တင်ပြီး သင်္ကန်းကျွန်းစံပြဆေးရုံကြီးသို့တင်ပို့ခဲ့ကြသည်။။။။
သို့သော်လည်းခေါင်းနှင့်ကားလမ်းရိုက်မိချက်ပြင်းထန်သဖြင့်
မည်သို့မျှမတတ်နိုင်တော့ပဲ မိုးဦးအသက်ဆုံးပါးခဲ့ရလေတော့သည်။။။။














အပိုင်း(၅)




“မေ့မရတဲ့အချိန်တွေ အဆုံးထိ

မျက်စိမှိတ်မျှော်လင့်ခဲ့ပြီ

ဘာမှမသိတဲ့တစ်နေ့နေ့ကို ငါစောင့်စားလို့

နှလုံးသားကွဲကြေနေတဲ့ထိ

အလွမ်းသင့်ခဲ့တဲ့အတိတ်ရဲ့ပန်းချီ

လမ်းစမရှိတဲ့ငါ့အဖြစ်ကိုမြင်လည်း

ငါဆက်ချစ်မယ်

တစ်နေ့တော့မင်းပြန်လာဦးမလား

ဟိုးတုန်းကလိုချစ်ဦးမလား

ဘာကြောင့်ငါ့ကိုထားသွားခဲ့လဲဖြေ

ဒါအိပ်မက်တွေ။။။။”


အလုပ်မှပြန်လာသောသပြေညိုတစ်ယောက် စိတ်ထဲမှာသာသာ
ယာယာမရှိသဖြင့် ကွန်ပျူတာကိုဖွင့်လိုက်ပြီး သီချင်းဖိုဒါတစ်ခုကို
ဖွင့်နားထောင်လိုက်သည်။ပထမဆုံးထွက်ပေါ်လာသောသီချင်းက
အောင်လရေးဖွဲ့ပြီး ရတနာမိုင်သီဆိုထားသော အလွမ်းသင့်ပန်းချီ
သီချင်း။။။ သာသာယာယာမရှိသော စိတ်အခံကိုတိုက်ဆိုင်လွန်းသော
သီချင်းသံပါထပ်ပိုးလာတော့ သူမရင်ထဲမှာဆို့နင့်လာပြီးခံစားနိုင်
စွမ်းမရှိတော့။အီးဟီးဟီးဟုအသံထွက်လျက် ဘေးမှအိပ်ယာပေါ်
မှောက်ချလိုက်ပြီးသည်းထန်စွာငိုကြွေးပစ်လိုက်သည်။ရတနာမိုင်
ကတော့ သူ့သီချင်းကိုသူ့ဖီလ်းနှင့်အသားကုန်ဟဲနေဆဲ။ညိုကလည်း
ရင်ထဲမှ တင်းကျပ်ဆို့နစ်နေမှုများကို ငိုကြွေးခြင်းဖြင့်ဖောက်ခွဲနေဆဲ။
အချိန်ကတော့တာဝန်ကျေစွာသူ့တာဝန်ကိုသူကျေပွန်နေဆဲ။။
ကြာတော့လည်းကြာခဲ့ပါပြီလေ။။အစမရှိခဲ့သလိုအဆုံးလည်း
မသတ်ခဲ့သောသူမရဲ့ချစ်ဇာတ်လမ်းလေးကိုသတိရမိတိုင်းသူမ
ဝမ်းနည်းမျက်ရည်ကျခဲ့သည်။။။မိုးဥိးပေးခဲ့သောလက်ကိုင်ပုဝါလေးကို
လည်းခုချိန်ထိသူမသွားလေရာ နေရာတိုင်းသို့ကိုယ်နှင့်မကွာ
ယူဆောင်သွားခဲ့မိ၏။။လွယ်အိတ်မလွယ်ပဲစာအုပ်ဖင်ကြားညှပ်ပြီး
ကျောင်းတက်တတ်သော ၊စကားဝဲဝဲ ရုပ်ချောချော ထားဝယ်သားလေး
တစ်ယောက်၊မိုးရွာနေသောနေ့တစ်နေ့မှာ သူ့ကိုစတွေ့ခဲ့ပြီး မိုးရွာ
နေသောနေ့တစ်နေ့မှာပင်သူကခွဲခွာသွားခဲ့သည်။ပထမဆုံးတွေ့စဉ်
ကတော့ သူမရင်ထဲကိုတိုးဝင်လာဖို့လူချင်းတိုက်မိခဲ့ပြီး နောက်ဆုံး
တွေ့စဉ်မှာတော့သူမဘဝထဲကနေထွက်သွားဖို့ကားနှင့်တိုက်မိခဲ့တာ
ဖြစ်သည်။ထူးခြားဆန်းပြားလွန်းလှသောသူမ၏ကံကြမ္မာကိုအံ့သြမိ
သလိုသူ့ကိုလည်းသနားမိ၏။ကျောင်းတော်မှ လွမ်းမောတမ်းတဖွယ်
ဇာတ်လမ်းလေးတစ်ခုကတော့ထိုကဲ့သို့ပင် ပြီးဆုံးပျောက်ကွယ်သွားခဲ့
ရလေတော့သည်။။သြော်..သပြေညို ဆိုသောသူမအတွက်တော့
ဘယ်သောအခါမှမေ့နိုင်လိမ့်မည်မဟုတ်တော့သည့် အလွမ်းသင့်ခဲ့
သော အတိတ်ပန်းချီတစ်ချပ်ဖြစ်ခဲ့ရတာပါလားလေ။။








(ရင်ဘတ်အငှားနှင့် ခံစားရေးဖွဲ့ပါသည်။။။)

လေးစားလျက်
အလင်းသစ်
20.3.2011

2 comments:

  1. ရက်ရက်စက်စက်သတ်ရက်တယ်.....
    ပြန်လျှော်ပေးရမယ်....မျက်ရည်တွေအတွက်..(ညို့ကိုယ်စား ပြောပေးတာပါ)..
    အားပေးသွားလျှက်ပါ လင်းသစ်ရေ။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  2. လာလည်ပြီး စာလေးဖတ်သွားပါတယ်။ အလင်းသစ်ရေ၊ စေတနာ ပန်းခင်းကိုလည်း လာလည်ဦးနော်။ ပို့အသစ်လေးတင်ထားပါတယ်။ အေးချမ်းပါစေ။

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။